ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့် အမှုအတွက် တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့် အမှုအတွက် တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေး
Published 6 January 2022

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇန်နဝါရီ ၆ ရက်က နေပြည်တော်တွင် ဒက္ခိဏခရိုင်တရားသူကြီး တာဝန်ယူဆောင်ရွက်သည့် ဇမ္ဗူသီရိ အထူးတရားရုံး၌ အထက်ပါအမှုအတွက် တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် ယခုအမှုတွင် စွပ်စွဲခံရသူတစ်ဦးဖြစ်သည့် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းသည် ကျန်းမာရေးအခြေအနေကြောင့် တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိသော်လည်း ဦးစိုးဝင်း၏ မျက်ကွယ်တွင် အမှုကို ဆက်လက်စစ်ဆေးရန် ၎င်း၏ရှေ့နေက လျှောက်ထားမှုကို တရားရုံးက ခွင့်ပြုခဲ့ပြီး တရားလိုသက်သေနှစ်ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ကိုးဦး တင်ပြထားပြီး လက်ရှိတွင် တရားလိုဖြစ်သူနှင့် တရားလိုပြသက်သေ ငါးဦးအထိ စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှောင်တာနယ်အား လဝကအက်ဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုပြသက်သေ တစ်ဦးကို ဇန်နဝါရီ ၆ ရက် ရုံးချိန်းတွင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၃ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။