ပေါင်မြို့နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သည်ဟုဆိုကာ မဲဆန္ဒရှင် ၁၂ ဦးခန့်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (စ)နှင့် ၁၇၁ (ဆ)အရ အမှုဖွင့်ထား

ပေါင်မြို့နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သည်ဟုဆိုကာ မဲဆန္ဒရှင် ၁၂ ဦးခန့်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (စ)နှင့် ၁၇၁ (ဆ)အရ အမှုဖွင့်ထား
Published 5 January 2022
ဘိုဘိုမြင့်

ပေါင်မြို့နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သည်ဟုဆိုကာ မဲဆန္ဒရှင် ၁၂ ဦးခန့်အား ရာဇသတ်ကြီးဥပဒေပုဒ်မ  ၁၇၁ (စ)နှင့် ၁၇၁ (ဆ)အရ အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းများနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ မဲပေးခဲ့ကြသည်ဟုဆိုသူများအား ဒီဇင်ဘာ၂၁ ရက်ကတည်းက ပေါင်မြို့မရဲစခန်းနှင့် ဇင်းကျိုက်နယ်မြေရဲစခန်းများတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်းနှင့် သထုံခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ တရားလိုပြုလုပ်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၁၇၁ (စ) မှာ ရဲအရေးပိုင်သည့် အမှုဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (ဆ)မှာ တရားရုံးသို့ ဦးတိုက်လျှောက်ထားရသည့် အမှုဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲပြုလုပ်ခဲ့သည့် နိုဝင်ဘာ ၈ ရက်က ပေါင်မြို့နယ်အတွင်းရှိ အလှပ်၊ ဝဲပတန်၊ သဲကုန်း၊ ကဒါ၊ ဖြူဘ၊ ကျုံဟော်ကျေးရွာများ၊ ဇင်းကျိုက်မြို့ရှိ ဖလပ်ရပ်ကွက်၊ ပန်းကုန်း၊ သဗြုချောင် အစရှိသော ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ မဲရုံများတွင် ဆန္ဒမဲတစ်ကြိမ်ထက်ပိုပြီးမဲပေးခဲ့သည့် ဖြစ်စဉ်များနှင့် ကိုယ်စားမဲပေးခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်များမှအချို့ကို အချိန်မီတားဆီးနိုင်ခဲ့သော်လည်း အချို့ဖြစ်စဉ်များကိုမူ ဆန္ဒမဲပေးပြီးမှ သိရှိခဲ့ရသည်များလည်းရှိကြောင်း ဒေသတွင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများထံမှ သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (ဃ)အရ ရွေးကောက်ပွဲ၌ မဲတစ်ကြိမ်ပေးပြီးဖြစ်လျက် အခြားသူမဲပေးခြင်းကို အားပေးကူညီလျှင်၊ ထိုသို့ မဲပေးခြင်းကို ဖြစ်မြောက်စေလျှင်၊ ထိုသို့ဖြစ်မြောက်စေရန် အားထုတ်လျှင် ထိုသူသည် ရွေးကောက်ပွဲတွင် သူတစ်ပါးအယောင်ဆောင်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (စ)အရ ယင်းသို့ကျူးလွန်သူကို ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်မျိုးစလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲပြုလုပ်ခဲ့သည့် နိုဝင်ဘာ ၈ ရက်က ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းကုန်းရပ်ရှိ မဲရုံအမှတ် (၆) တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေးပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးကျော်သူရ၏ မဲရုံကိုယ်စားလှယ်ဒေါ်နုနုဝါ ကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်အတွင်းမှ UEC တံဆိပ်ပါ တံဆိပ်တုံးတစ်ခု၊ မည်သည့်တံဆိပ်မှ မပါသည့်တံဆိပ်တုံးတစ်ခုနှင့် မဲလက်မှတ်နမူနာစာရွက်အချို့ သိမ်းဆည်းရမိခဲ့သည့်အတွက် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။