၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်အတွင်း တစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သူနှစ်ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (စ) ဖြင့် အမှုဖွင့်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်အတွင်း တစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သူနှစ်ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (စ) ဖြင့် အမှုဖွင့်
Published 5 January 2022

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးခရိုင် အမရပူရမြို့နယ်အတွင်း၌ တစ်ကြိမ်ထက်ပိုမို၍ မဲပေးခဲ့သူနှစ်ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (စ)ဖြင့် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အမရပူရမြို့နယ် မြစ်ငယ်မြို့မရပ်ကွက်နေ ဒေါ်..... (၃၉ နှစ်)သည် ၎င်းမြို့နယ်ရပ်ကွက်ရှိ မဲရုံအမှတ် (၃)သို့ မဲစာရင်းအမှတ်စဉ် (၁၁၄၄) ဖြင့်လည်းကောင်း၊ စာတိုးကျေးရွာအုပ်စုရှိ မဲရုံအမှတ် (၅)သို့ မဲစာရင်းအမှတ်စဉ် (၂၇၆) ဖြင့်လည်းကောင်း နှစ်ကြိမ်တိတိမဲပေးခဲ့သဖြင့် အမရပူရမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုဦးစီးမှူးဦးဇော်လတ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် မြစ်ငယ်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်၍ အမရပူရမြို့နယ် အိုးတော်ရပ်ကွက် ကြေးသွန်းရပ်နေ ဦး..... (၃၆ နှစ်) သည် ၎င်းနေထိုင်ရာ ရပ်ကွက်ရှိ မဲရုံအမှတ် (၂)တွင် မဲစာရင်းအမှတ်စဉ် (၄၂၀) ဖြင့်လည်းကောင်း၊ ယာဉ်တော်ကျေးရွာအုပ်စုရှိ မဲရုံအမှတ် (၁) တွင် မဲစာရင်းအမှတ်စဉ် (၁၆၈၀)ဖြင့်လည်းကောင်း နှစ်ကြိမ်တိတိမဲပေးခဲ့သဖြင့်  အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုဦးစီးမှူးကပင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က မြစ်ငယ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ (စ) ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါအမှုဖွင့်လှစ်ခံထားရသူနှစ်ဦးအား သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေ အခန်း (၉) အပိုဒ်ခွဲ (ဥပဒေပုဒ်မ ၁၇၁ က မှ ညထိ) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများမှ ဥပဒေပုဒ်မ ၁၇၁ (စ) တွင် ရွေးကောက်ပွဲ၌ မလျော်သြဇာသုံးမှုအတွက် သို့တည်းမဟုတ် သူတစ်ပါးအယောင်ဆောင်မှုအတွက် ပြစ်ဒဏ်အား ကျူးလွန်ခဲ့လျှင် ထိုသူကို တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ဖော်ပြထားသည်။