လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အာဆီယံတို့၏ ကြိုးပမ်းလာမည့်ခြေလှမ်းများကို အပြုသဘောစောင့်ကြည့်ရမည်ဖြစ်ကြောင်း PPST အလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား

လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အာဆီယံတို့၏ ကြိုးပမ်းလာမည့်ခြေလှမ်းများကို အပြုသဘောစောင့်ကြည့်ရမည်ဖြစ်ကြောင်း PPST အလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား
Published 5 January 2022

လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အာဆီယံတို့၏ ကြိုးပမ်းလာမည့် ခြေလှမ်းများကို အပြုသဘောဖြင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် Online Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအစည်းအဝေးတွင် ၂၀၂၂ ခုနှစ်အတွက် PPST ၏ ရှေ့လုပ်ငန်းစဉ်များကို နှစ်ဟောင်းမှ အတွေ့အကြုံများအပေါ် အခြေခံ၍ ချမှတ်သွားမည်ဟု နိုင်အောင်မင်းက ပြောကြားသည်။

“ဒီ PPST ပုံမှန်အစည်းအဝေးမှာ ၂၀၂၁ ခုနှစ် နှစ်ဟောင်းရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးဆိုင်ရာ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်သလို နှစ်သစ် ၂၀၂၂ ခုနှစ်အတွက် ရှေ့လုပ်ငန်းစဉ်တွေကို နှစ်ဟောင်းရဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး ချမှတ်သွားရမှာဖြစ်ပါတယ်” ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏ အာဏာရယူပြီးနောက် ယနေ့အထိ ဖြစ်ပွားနေသော ဖြစ်စဉ်အားလုံးအပေါ် သေချာသုံးသပ်ပြီး လက်တွေ့ကျသော ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၏ နှစ်သစ်မိန့်ခွန်းတွင် ပါဝင်သော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် အရေးနှင့် ပတ်သက်သော ပြောဆိုချက်များကို PPST အနေဖြင့် အလေးအနက်ထားကြောင်း ၎င်းက ဆိုသည်။

ယခုအစည်းအဝေးတွင် PPST ဆွေးနွေးညှိနှိုင်းရေးကော်မတီအတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဖြစ်သကဲ့သို့ PPST စုဖွဲ့မှုနှင့် NCA-S EAO များ၏ စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ကျင်းပခြင်းအကြောင်းအရာများကို ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အသိပေးပြောကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အာဆီယံတို့၏ ကြိုးပမ်းလာမည့် ခြေလှမ်းများကို အပြုသဘောဖြင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစစ်ဘေးရှောင်များအတွက် နယ်စပ်ဖြတ်ကျော် အကူအညီရရှိနိုင်ရေးကို ညှိနှိုင်းဆွေးနွေး၍ နည်းလမ်းရှာဖွေသွားရမည်ဖြစ်ကြောင်းလည်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အကျိုးဆက်ဖြစ်သော ချင်းပြည်နယ်ဖြစ်စဉ်၊ ကယားပြည်နယ် ဖရူဆိုမြို့နယ်ဖြစ်စဉ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးဖြစ်စဉ်၊ လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ်ဖြစ်စဉ်နှင့် တပ်မတော်က ဒီဇင်ဘာ ၃၁ ရက်တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ အသိပေးထုတ်ပြန်ချက်ကို ယခုအစည်းအဝေးတွင် ဆွေးနွေး၍ သဘောထားချမှတ်သွားမည်ဖြစ်ကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က လက်မှတ်ရေးထိုးထားသည်။