ဖရူဆို၌ လူအစုလိုက် အသတ်ခံရမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချ

ဖရူဆို၌ လူအစုလိုက် အသတ်ခံရမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချ
Published 30 December 2021

မြန်မာတပ်မတော်၏ လက်ချက်ဟု စွပ်စွဲထားသည့် ဖရူဆို၌ Save the Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦးအပါအဝင် လူပေါင်း ၃၀ ကျော်လွန်ခဲ့သည့် သီတင်းပတ်အတွင်း အစုလိုက်အသတ်ခံရမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၉ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။

အဆိုပါသတ်ဖြတ်မှုသည် ကယားပြည်နယ်အရှေ့ပိုင်း၌ ခရစ္စမတ်အကြိုနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယင်းလုပ်ရပ်အတွက် တာဝန်ခံမှုရှိရေး သေချာစေရန် လိုအပ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက အလေးအနက် ပြောကြားထားသည်။

၎င်းအပြင် လူ့အခွင့်အရေးကို လေးစားရန်နှင့် အရပ်သားများဘေးကင်းလုံခြုံမှုရှိရေး သေချာရန်တို့အတွက် အရေးကြီးကြောင်း အထူးပြုပြောကြားခဲ့ပြီး အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်စဲရန် ၎င်းတို့က တောင်းဆိုလိုက်သည်။

ကလေးငယ်လေးဦးနှင့် Save the Children ရန်ပုံငွေအဖွဲ့မှ ဝန်ထမ်းနှစ်ဦးတို့အပါအဝင် လူပေါင်း ၃၅ ဦးသည် ယင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဟု ယင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

လိုအပ်နေသူအားလုံးအတွက် ဘေးကင်းလုံခြုံပြီး ပိတ်ပင်တားဆီးမှုမရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ရရှိရေးသည်လည်းကောင်း၊ လူသားချင်းအကူအညီပေးရေးဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ကာကွယ်စောင့်ရှောက်မှုနှင့် ဘေးကင်းလုံခြုံမှုအပြည့်အဝ ရရှိရေးသည်လည်းကောင်း လိုအပ်သည်ဟုလည်း အထူးပြုပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကယားပြည်နယ်ရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် အမျိုးသမီးများနှင့် ကလေးများအပါအဝင် မီးလောင်ကျွမ်းထားသည့်အလောင်း ၃၀ ကျော် တွေ့ရှိခဲ့ရသည်ဟု တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေသူများက ပြောကြားခဲ့သည်။

Save the Children ရန်ပုံငွေအဖွဲ့မှ ဝန်ထမ်းနှစ်ဦးမှာ ပျောက်ဆုံးနေပြီးနောက် ၎င်းတို့သည် သေဆုံးသူများထဲတွင် ပါဝင်သွားကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က အတည်ပြုခဲ့သည်။

ယင်းတိုက်ခိုက်မှုပြီးနောက် မြန်မာတပ်မတော်ကို လက်နက်တင်သွင်းမှုပိတ်ပင်ရန် တောင်းဆိုမှုအား အမေရိကန်က ထပ်မံပြုလုပ်ခဲ့သည်။

၎င်းဖြစ်ရပ်အတွက် တုန်လှုပ်အံ့အားသင့်ပြီး စိတ်မကောင်းဖြစ်ရကြောင်း ကုလသမဂ္ဂကလေးသူငယ်ရန်ပုံငွေအဖွဲ့ (UNICEF) က ဒီဇင်ဘာ ၂၈ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ယုံကြည်ရတဲ့သတင်းတွေအရ အဲဒီသေဆုံးသွားသူ ၃၅ ဦးထဲမှာ အသက် ၁၇ နှစ် အရွယ်အမျိုးသား လူငယ်တစ်ဦး၊ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ အသက်ငါးနှစ်နဲ့ ခြောက်နှစ်ကြား ကျား/မ ကွဲကွဲပြားပြားမသိရသေးတဲ့ ကလေးငယ်တစ်ဦးတို့လည်း ပါဝင်ပါတယ်” ဟု UNICEF ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အနီးနားရှိ ဒေသတစ်ခုသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးပြီးနောက် လွိုင်ကော်ရုံးသို့ ပြန်လာသည့် ၎င်းတို့အဖွဲ့မှ ဝန်ထမ်းနှစ်ဦး သေဆုံးသူများထဲ၌ ပါဝင်သွားသည်ဟု Save the Children ရန်ပုံငွေအဖွဲ့က ကြေညာချက်၌ အတည်ပြုထားသည်။

“အရပ်သား၊ ကလေးငယ်တွေနဲ့ စာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ ဝန်ထမ်းတွေကို အခုလို တိုက်ခိုက်သတ်ဖြတ်လိုက်တဲ့အပေါ် UNICEF အနေနဲ့ ပြင်းထန်စွာရှုတ်ချပါတယ်” ဟု UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဒီဘိုရာကိုမီနီက ပြောကြားခဲ့သည်။

Ref: CNA