ရှင်သန်နေ့ရက်တွေ

ရှင်သန်နေ့ရက်တွေ
Published 10 December 2021
ငြိမ်း (ပဲခူး)



လူတွေ။ ယာဉ်တွေ။ အသံတွေ။ ရှုပ်ယှက်ခတ်မှုတွေ။ ရုန်းကန်မှုတွေ။ ချွေးစက်တွေ။ ဘဝအမောတွေ။ အဲဒီလို ကြားတွေထဲ ကျွန်တော်သွားရမှာ အကြောက်ဆုံးပဲ။ စိတ်မွန်းကြပ်တယ်။ လွတ်လပ်မှုမရှိဘူး။ အဲ့ဒီတော့ ကျွန်တော့်စိတ်က မပျော်ရွှင်ဘူး။ ဒါပေမဲ့ လူဆိုတာ ဖြစ်ချင်တိုင်း ဖြစ်လို့ရတာမှ မဟုတ်တာ။ လူတိုင်း ဖြစ်ချင်တာဖြစ်လို့ရရင် ကမ္ဘာကြီးစောစောစီးစီး ပျက်စီးတာကြာပေါ့။

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ နေ့ရက်တွေဟာ ကစုန်ပေါက်ပြေးလွှားနေရင်း တစ်နေ့ပြီးတစ်နေ့ နေ့ရက်တွေကို ကျွန်တော်ဖြတ်ကျော်နေရင်း ညီမလေးက သွားချင်တယ်ဆိုလို့ လိုက်ပို့ခိုင်းပါလေရော။ ဘယ်တတ်နိုင်မလဲ။ လိုက်ပို့ရတာပေါ့။ ငြင်းလို့မှ မရတာ။ အမှန်ဆို လိုက်ပို့ရတာ ဘာမှအပန်းမကြီးဘူး။ ဆိုင်ကယ် ၁၀ မိနစ်လောက် မောင်းလိုက်ရင်ကိုရတာ။ အပန်းကြီးနေတာက ကျွန်တော့်စိတ်ပဲ။ ကိုယ်မသွားချင်တဲ့ နေရာဆို သွားကိုမသွားချင်တာ။

ညီမလေးနဲ့ ကျွန်တော်နဲ့ ဆိုင်ကယ်မောင်းပြီး စျေးထဲဝင်လာခဲ့တယ်။ စျေးထဲမှာလည်း ဥဒဟိုသွားလာနေကြတဲ့ ယာဉ်တွေ လူတွေဟာ ကျွန်တော့်မြင်ကွင်းထဲ အပြည့်ပဲ။ ဟိုကွေ့ဒီကွေ့နဲ့ ညီမလေးသွားရမယ့် စျေး ဆိုင်တစ်ဆိုင်ကို လိုက်ပို့လိုက်တယ်။ ပြီးတော့ ကျွန်တော်ဟာ လူတွေ ယာဉ်တွေ ရှင်းနေတဲ့ နေရာတစ်ခုမှာ ဆိုင်ကယ်ကို စက်သတ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှာ ထိုင်နေလိုက်တယ်။ ထိုင်နေရင်း ဘာရယ်မဟုတ် ဟိုကြည့် ဒီကြည့် ကြည့်ရင်း အဆောက်အအုံအမည်းကြီးကို ကြည့်မိသွားတာပေါ့။ အဲ့ဒီအခါ ကျွန်တော့်ရင်ထဲမှာ အလွမ်းတွေ ထပျံကုန်တယ်။ အဲ့ဒီအဆောက်အအုံအမည်းကြီးက ကျွန်တော် ၉ တန်းတက်ခဲ့တဲ့ အဆောက်အအုံ။ အဲဒီအဆောက်အအုံအမည်းကြီးထဲမှာ ကျွန်တော် ၉ တန်းသင်ခန်းစာတွေ သင်ခဲ့တဲ့ (F) ခန်း ရှိတယ်။

ကျွန်တော် အတိတ်နေ့ရက်တွေထဲ အတွေးတွေနဲ့ လွင့်မိပြီ။ ကျွန်တော်အတိတ်နေ့ရက်တွေကို တစိမ့်စိမ့်ခံစားမိပြီ။ ကျွန်တော်တို့တုန်းက စာသင်ခန်းကျဉ်းလေးဖြစ်တဲ့ (F) ခန်းထဲမှာ ကျောင်းသား ၉၂ ယောက် စာသင်ခဲ့ရတာ။ စာသင်ခုံတစ်ခုံကို ငါးယောက် ထိုင်ရတယ်။ ကျောင်းသားတစ်ယောက်နဲ့ တစ် ယောက်ဟာ ပူးကပ်နေတာပေါ့။ နွေရာသီနေ့ရက်တွေဆို ပူတာပြောမနေနဲ့။ ချွေးတဒီးဒီးကျလို့။ မျက်နှာကျက်မှာ ဒလက်သုံးခုပါတဲ့ ပန်ကာကြီးက တဂွီဂွီနဲ့လည်နေပေမဲ့ အပူတွေကို မမောင်းထုတ်နိုင်ဘူး။ ဒါပေမဲ့ အဲ့ဒီပန်ကာကြီးက လည်တော့လည်နေတာ။ မရပ်မနားပဲ။

အဖေက ကျောင်းကို စက်ဘီးနဲ့လိုက်ပို့တယ်။ အတန်းပိုင်ဆရာမ ဒေါ်တိုးမြင့်ဆို ကျွန်တော့်ကိုအဖေက စက်ဘီးနဲ့လိုက်ပို့ရတဲ့ ကျောင်းသားလေးဆိုပြီး မှတ်မိနေတာ။ အမေက ပဲပြုတ်နဲ့ ထမင်းချိုင့်ထည့်ပေးတယ်။ ကျွန်တော်ကြိုက်တဲ့ အစားအစာပေါ့။ ကျောင်းရောက်ပြီဆို ထမင်းစားချိန်မရောက်သေးဘဲ ထမင်းစားကြတဲ့ ကျောင်းသားတွေကတော့ ခရစ်ယာန်သာသနာပြုကျောင်းမှာနေပြီး ကျောင်းလာတက်ကြတဲ့ ကရင်လူမျိုးကျောင်းသားတွေအဖွဲ့ပဲ။ သူတို့ ထမင်းစားပြီဆို ကျွန်တော့် ထမင်းချိုင့်ကိုလည်းဖွင့်ပြီး ပဲပြုတ်ကို နှိုက်စားတတ်တယ်။ အဲ့ဒါကြောင့် ကျွန်တော့် ထမင်းချိုင့် ခြေရာလက်ရာပျက်နေပြီဆို သူတို့အဖွဲ့ပဲ။ အဲဒီထဲက အများဆုံး ပဲပြုတ်နှိုက်စားတဲ့သူက ဖြိုးချစ်ကိုဆိုတဲ့ ကရင်ကျောင်းသားလေးပဲ။ ကျွန်တော်နဲ့ တရင်းတနှီးပေါင်း တဲ့ သူငယ်ချင်းတစ်ယောက်။ ကျွန်တော့်အိမ်ကိုလည်း အဲဒီကောင် လိုက်လာဖူးတယ်။ စောဘေနဒစ်၊ စောတေဇာမျိုးအောင်တို့က တခါတလေမှ ပဲပြုတ်ကိုနှိုက်စားတာ။

ကရင်ကျောင်းသားလေးတွေအဖွဲ့က မနက်ခင်းကျောင်းကို လာပြီဆိုအဖွဲ့လိုက် ကုန်းကြောင်းလျှောက်ပြီးလာကြတာ။ သူတို့တွေက သန်လည်း သန်မာကြတယ်။ သူတို့အချင်းချင်း စာသင်ခန်းထဲ အားလှဲကြပြီဆို ကျွန်တော့်မှာငေးနေတယ်။ မော်နီတာက ရွာသားတစ်ယောက်ဖြစ်တဲ့ ချစ်စမ်းမောင်။ အရပ်ပုပု ဂင်တိုတိုနဲ့။ သူလည်း သန်မာတာပဲ။ ဒါပေမဲ့ ကရင်ကျောင်းသားအဖွဲ့ကိုတော့ သူသိပ် မပြောရဲဘူး။ ဟိုက သူ့ထက်သန်မာတယ်။ မော်နီတာကို တခြားကျောင်းသားတွေက ကြောက်လည်း ကြောက်ရသလို လေးလည်းလေးစားရတယ်။ ကျွန်တော်ကတော့ သူငယ်ချင်း ကရင်ကျောင်းသားအဖွဲ့နဲ့ ရင်းနှီးသူဆိုတော့ မော်နီတာကို ကြောက်ရတဲ့အထဲ မပါဘူး။ ပြောရမယ်ဆိုရင် သူတို့အဖွဲ့အရှိန်နဲ့ မိုက်တာပေါ့။

မှတ်မှတ်ရရ ကျွန်တော်ရေနွေးပူလောင်လို့ ခွင့်တစ်ရက် ယူလိုက်ရတာ မှတ်မိသေးတယ်။ ဖြစ်ချင်တော့ ဘာရယ်မဟုတ်ဘူး။ အမေက ရေနွေးသောက်ချင်လို့ အသိအိမ်တစ်အိမ်မှာ ရေနွေးထည့်ခိုင်းတယ်။ ကျွန် တော်လည်း ရေနွေးခွက်လေးကိုင်ပြီး သွားတာပေါ့။ ရောက်တော့ စကားနည်းနည်းပြောပြီး ပေါင်ပေါ်ကို ရေနွေးခွက်လေး တင်ကာဓာတ်ဘူးထဲက ရေနွေးတွေကို လောင်းထည့်လိုက်တယ်။ အဲဒီမှာပဲ ရေနွေးခွက်ထဲကို ရေနွေးတွေ မရောက်ဘဲ ပေါင်ပေါ်ကို လောင်းချလိုက်သလို ဖြစ်သွားတယ်။ ပြီးတော့ ရေနွေး ပူလောင်သွားတာပေါ့။ ကျွန်တော့်ပေါင်မှာ အရည်တွေရွှမ်းနေတဲ့ အကွက်အကြီးကြီးဖြစ်သွားတယ်။ နောက်နေ့ကျတော့ အနာကို ဆေးတွေထည့်ပြီး ဘောင်းဘီလေးကို တစ်ဘက်လိပ်တင်ရင်း အတန်းပိုင်ဆရာမအိမ်ကို သွားကာ ခွင့်သွားတိုင်ရတာပေါ့။

နေ့တစ်နေ့ရဲ့နေ့လည်ထမင်းစားချိန်မှာ  ကျွန်တော်တို့စာသင်ခန်းကျဉ်းလေးထဲကနေကြည့်ရင် မြင်နေရတဲ့ ညွှန့်ရုပ်ရှင်ရုံကို ရုပ်ရှင်မင်းသား ဒွေးလာတော့ ကျောင်းသားတွေ အပြေးအလွှား သွားကြည့်ကြတယ်။ ကျွန် တော်လည်း ပါတာပေါ့။ အဲဒီမှာ ဒွေးရဲ့ဇနီးက ပရိသတ်တွေကို လက်ပြနှုတ်ဆက်တယ်။ ပရိသတ်ကလည်း ဒွေး မှ ဒွေးဆိုတော့ ဒွေးရဲ့ဇနီးကို သိပ်အဖက်မလုပ်ကြဘူး။ ပြီးတော့ ကျောင်းသားတွေက ဒွေးကိုသွားပြီးနှုတ်ဆက် ကြတယ်။ ကျွန်တော်တို့ကျောင်းက ၁၀ တန်း ကျောင်းသား အကိုကြီးတစ်ယောက် ဒွေးလက်မှာ ပေါက်နေတဲ့ အမွေးတွေကို သွားဆွဲတော့ ဒွေးက အော်တယ်လို့ ပြောကြတယ်။ ဒွေးကအပြင်မှာ ပိုချောတယ်လို့လည်း ပြော ကြတယ်။ ကျွန်တော်ကတော့ မတွေ့လိုက်ရဘူး။ လူတွေ အရမ်းများနေလို့။

မနက်ခင်း ကျောင်းကို စောစောရောက်တဲ့အခါတိုင်း ကျောင်းနံရံနားမှာကပ်ပြီး ဖွင့်ထားတဲ့ ကိုဝမ်ကြီး ကွမ်းယာဆိုင်မှာ ကျွန်တော်ထိုင်ကာ ရွာဘက်ကနေ ကုန်းကြောင်းလျှောက်ပြီး လာနေကြတဲ့ ကျောင်းသူလေး တွေကိုရှိုးတော့တာပဲ။ ရွာဘက်ကနဲ့ ကျောင်းနဲ့ဆို အဝေးကြီးပဲ။ အဲ့ဒါကြောင့် သူတို့ခမျာ ကျွန်တော်တို့ မြို့ပေါ်ကနေ ကျောင်းတက်ရတဲ့သူတွေထက် အိပ်ရာစောစောထပြီး ကုန်းကြောင်းလျှောက်လာကြတာ။ သနားစရာကောင်းတယ်။ ပညာကို လိုချင်တဲ့စိတ်က ကျွန်တော်တို့မြို့ပေါ်က ကျောင်းသားတွေထက်ပိုပြီး ထက်သန်တယ်။ အဲ့ဒါကြောင့်လားမသိဘူး။ ပိုပြီးလည်း အတန်းထဲမှာ စာတော်ကြတယ်။ သူတို့လည်း အခုလောက်ဆို အသက်၃၀ ကျော်လောက်ရှိပြီပေါ့။ မတွေ့တာလည်း အချိန်ကာလအားဖြင့်ကြာပြီ။ တွေ့ရင်တောင် တစ်ယောက်နဲ့ တစ်ယောက် မှတ်မိမှာ မဟုတ်လောက်ဘူး။ နေ့ရက်တွေက တိုက်စားသွားပြီ။

ဒီလိုနဲ့ ၁၀ တန်းတက်ခဲ့တဲ့ အဆောက်အအုံဘက်ကို ကျွန်တော်ကြည့်လိုက်တယ်။ အစအနလေးတောင် မတွေ့ရတော့ဘူး။ အဲ့ဒီအဆောက်အအုံကို ဖျက်လိုက်ပြီ။ ကျွန်တော့်ရင်ဘတ်ထဲ ဟာတာတာဖြစ်သွားတယ်။ ကျွန်တော် ၁၀ တန်းသင်ခန်းစာတွေ သင်ခဲ့တဲ့ (F) ခန်းလည်း တစ်ပါတည်း ပျောက်ကွယ်သွားလို့။ အဲဒီအချိန်တုန်းက ကျွန်တော်က ဘယ်ဘက်ရိုးရဲ့ အရှေ့ဆုံးကနေရေတွက်ရင် ဒုတိယမြောက်ခုံမှာ ထိုင်ရတာ။ ကျွန်တော်ရယ် ချစ်ဦးကိုရယ်။ အက္ခရာစဉ်လိုက် ထိုင်ရတာပေါ့။ အဲ့ဒီကောင်က ကျောင်းလာရင် ကျောင်းသင်ခန်းစာအုပ်မပါလိုက်၊ ပေတံမပါလိုက် တစ်ခါတစ်ခါ ဘော့ပင်မပါလိုက်နဲ့။ ကျွန်တော့်မှာ အမြဲငှားရတယ်။ စာကလည်း မရ။ ပြီးရင် အဲဒီကောင်က ဆရာမလမ်းလျှောက်တဲ့ဘက်မှာ မထိုင်ဘူး။ နံရံနဲ့ ကပ်နေတဲ့ နေရာမှာထိုင်တာ။ ပြန်တွေးကြည့်မိတော့ လွမ်းစရာလည်း ကောင်းတယ်။ အဲဒီနေ့ရက်တွေကို ကျွန် တော့်မှာ ပြန်လိုချင်မိပြန်ရော။

နောက် ချမ်းကိုကိုအောင်။ လပတ်စာမေးပွဲဖြေတိုင်းကျလို့ မိဘ ခဏခဏခေါ်ရတယ်။ ကျောင်းကလည်း ခဏခဏ ပြေးသလား မမေးနဲ့။ ဆရာမကလည်း သူ့ကို ခေါ်ခေါ်ပြီး ဗျင်းသလား မမေးနဲ့။ ပြီးရင် တရှုတ်ရှုတ်နဲ့ ငိုပြီး စာသင်ခန်းထဲပြန်ဝင်လာတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ၀ိုင်းချော့ရတယ်။ ပြီးတော့ စိုးသူမောင်။ အဲ့ဒီကောင်က ငပြောင်။ မနက်ခင်းတစ်ခုမှာ မိန်းကလေးတွေ ဘုရားပန်းလဲတော့ ဘုရားစင်ကို မမီလို့ဆိုပြီး နာမည်မမှတ်မိတဲ့ ကျောင်းသားတစ်ယောက်ကို ဘုရားပန်းတက်လဲခိုင်းတယ်။ အဲဒီမှာ စိုးသူမောင်က ဆရာမ စားပွဲခုံပေါ်တက်ပြီး ဘုရားပန်းလဲနေတဲ့ ကျောင်းသားကို ပုဆိုးဆွဲချွတ်လိုက်တာ ကွင်းလုံးကျွတ်ကျပါလေရော။ ဖြစ်ချင်တော့ အဲဒီကျောင်းသားခမျာ အတွင်းခံမပါဘူး။ ကိုယ့်ဘာသာကိုယ် တွေးတာကြည့်ပေတော့။

Chemistry ဆရာမ ဒေါ်သန်းသန်းရွှေ။ အသားညိုညိုနဲ့ ဆရာမ။ အရိုက်က စပယ်ရှယ်ကြမ်းတာ။ စာမေးလို့ စာမရရင်လည်း စာမရလို့ဆိုပြီး ရိုက်တယ်။ စာမေးလို့ စာရရင်လည်း စာရလို့ ချစ်ဖို့ကောင်းလို့ဆိုပြီး ရိုက်ပြန် ရော။ ရိုက်တာမှ အားနဲ့မာန်နဲ့ ရိုက်တာ။ ဘယ်လောက်ကြောက်ဖို့ ကောင်းလဲဆိုရင် ဆရာမ ကြိမ်လုံးရွယ်လိုက်တာနဲ့ ကျောကော့သွားပြီး နာသလိုလို ခံစားရတာ။ အခုဆိုအချိန်အားဖြင့် ၁၅ လောက်တောင်ရှိပြီ။ ဆရာမလည်း ပင်စင်ယူပြီးလောက်ပြီ ထင်ပါရဲ့။ အခုချိန်ပြန်တွေ့ရင် ဆရာမကို ကျွန်တော်တို့ စာသင်တုန်းက အကြောင်းတွေကို အစပြန်ဖော်ပေးရင်တောင် ဆရာမက ကျွန်တော့်ကို မှတ်မိပါ့မလား မပြောတတ်ဘူး။

ကျောင်းအဆောက်အအုံက မရှိတော့ဘူး။ စာသင်ခုံတွေလည်း ပုံစံတွေ ပြောင်းလဲကုန်လောက်ပြီ။ ကျောင်းသားတွေရဲ့ ဘဝပုံစံတွေလည်း ပြောင်းလဲကုန်ပြီ။ နေ့ရက်တွေက ရပ်နေတာမှ မဟုတ်ပဲ။ ပြေးလွှားနေတာလေ။ ရွက်ဟောင်းတွေကလည်း ကြွေနေတာလေ။ ရွက်သစ်တွေကလည်း ဝေနေတာလေ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေပါစေ၊ ဘယ်အချိန် ပြန်တွေးတွေး ကျွန်တော်တို့ ကျောင်းသားဘဝနေ့ရက်တွေကတော့ ရှင်သန်နေတုန်းပဲ။ ရှင်သန်နေမြဲပဲ။ ပြီးတော့ တွေးနေမိတဲ့ ကျွန်တော့်ရင်ထဲမှာလည်း နွေးနေတုန်းပါပဲ။

Most Read

Most Recent