၎င်း၏လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်နှင့် ရုရှား စစ်လေယာဉ်များ ဝင်ရောက်ခဲ့ပြီးနောက် တိုက်လေယာဉ်များ အရေးပေါ်ပျံတက်ခဲ့ဟု တောင်ကိုရီးယားစစ်တပ် ပြောကြား

၎င်း၏လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်နှင့် ရုရှား စစ်လေယာဉ်များ ဝင်ရောက်ခဲ့ပြီးနောက် တိုက်လေယာဉ်များ အရေးပေါ်ပျံတက်ခဲ့ဟု တောင်ကိုရီးယားစစ်တပ် ပြောကြား
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်က တောင်ကိုရီးယားနှင့်ဂျပန် အငြင်းပွားနေသည့် ကျွန်းစုအနီးတွင် ပျံသန်းနေသည့် ရုရှား၏ A-50 စစ်လေယာဉ်တစ်စီးကို တွေ့ရစဉ်
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်က တောင်ကိုရီးယားနှင့်ဂျပန် အငြင်းပွားနေသည့် ကျွန်းစုအနီးတွင် ပျံသန်းနေသည့် ရုရှား၏ A-50 စစ်လေယာဉ်တစ်စီးကို တွေ့ရစဉ်
Published 20 November 2021
Ref: Reuters

၎င်း၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် နှစ်စီးနှင့် ရုရှားစစ်လေယာဉ် ခုနစ်စီး ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် တိုက်လေယာဉ်များကို အရေးပေါ်ပျံတက်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ပြီး တရုတ်အစိုးရကမူ ယင်းသည် ပုံမှန်ပြုလုပ်နေကျ လေ့ကျင့်ခန်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားလေယာဉ်များသည် တောင်ကိုရီးယား၏ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန် (KADIZ) ၏ အရှေ့မြောက်ပိုင်းအတွင်းသို့ အချိန်အတိုင်းအတာတစ်ခုအထိ ဝင်ရောက်ပျံသန်းခဲ့ပြီး ယင်းလေယာဉ်များသည် တောင်ကိုရီးယား၏ လေပိုင်နက်အတွင်းကိုမူ ဝင်ရောက်ခဲ့ခြင်းမရှိဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။

ယင်းအခြေအနေတွင် ဖြစ်လာနိုင်ခြေရှိသည့် အရေးပေါ်ကိစ္စအတွက် အဓိကလုပ်ဆောင်ချက်တစ်ရပ်အဖြစ် JCS သည် တိုက်လေယာဉ်များနှင့် ဆီဖြည့်လေယာဉ်များကို အရေးပေါ် ပျံတက်စေခဲ့သည်ဟု ဆိုသည်။

တရုတ်စစ်တပ်ကမူ ၎င်းလေယာဉ်များသည် သာမန်စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်ဟု JCS ကဆိုသည်။

ယင်းအခြေအနေကို တရုတ်နှင့်ရုရှား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများအဖြစ် သုံးသပ်ထားသော်လည်း နောက်ထပ်လေ့လာချက်များ လိုအပ်သည်ဟု JCS က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်းကလည်း တရုတ်နှင့် ရုရှားစစ်လေယာဉ်များသည် အခြားနိုင်ငံများ၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်များအတွင်း ဝင်ရောက်ပျံသန်းခဲ့သဖြင့် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

လေပိုင်နက်နှင့် မတူညီသည့်အချက်မှာ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) သည် ကြေညာထားသည့် နိုင်ငံများက ပြည်ပလေယာဉ်များကို ၎င်းတို့မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ဖော်ပြရန် တောင်းဆိုသည့် ဇုန်တစ်ခုဖြစ်ပြီး ယင်းဇုန်များနှင့်ပတ်သက်ပြီး နိုင်ငံတကာဥပဒေများ ချမှတ်ထားခြင်းမရှိပေ။

ရုရှားနိုင်ငံကမူ (KADIZ) ကို အသိအမှတ်ပြုထားခြင်းမရှိဘဲ တရုတ်အစိုးရကလည်း ယင်းဇုန်သည် တောင်ကိုရီးယားက ပိုင်ဆိုင်သည့် လေပိုင်နက်မဟုတ်သဖြင့် နိုင်ငံအားလုံး လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်ကလည်း ရုရှားစစ်လေယာဉ်တစ်စီးသည် တရုတ်နှင့် ပူးတွဲလေကြောင်း ကင်းလှည့်မှုအတွင်း တောင်ကိုရီးယား လေပိုင်နက်ထဲကို ဝင်ရောက်ခဲ့သဖြင့် တောင်ကိုရီးယား စစ်လေယာဉ်များက သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းအချိန်က ရုရှားနှင့် တရုတ်တို့၏ လေကြောင်းကင်းလှည့်မှုများကြောင့် တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ၎င်းတို့၏ လေယာဉ်များကို ပျံတက်ခဲ့ပြီး ရုရှားနှင့် တရုတ်သည် ၎င်းတို့၏ လေပိုင်နက်ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း ရုရှားနှင့်တရုတ်တို့က ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ထို့ပြင် တရုတ်က ၎င်း၏ နယ်နိမိတ်ဟု ကြေညာထားပြီး တစ်နေ့နေ့တွင် လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူမည်ဟု ကြုံးဝါးထားသည့် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ စစ်လေယာဉ်များ မကြာခဏစေလွှတ်ခဲ့သဖြင့် ထိုင်ဝမ်သည် ၎င်း၏တိုက်လေယာဉ်များကို ပျံတက်ခဲ့ရသည်။                                      

Most Read

Most Recent