နိုင်ငံရေးအခွင့်အရေးနှင့် ပြည်သူ့အခွင့်အရေး (Political Right and Civil Right)

နိုင်ငံရေးအခွင့်အရေးနှင့် ပြည်သူ့အခွင့်အရေး (Political Right and Civil Right)
Published 10 October 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ပြည်သူပြည်သား လူအများ၏ ငြိမ်းချမ်းသာယာဝပြောစေရေးနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို အစဉ်အမြဲ တည်တံ့ခိုင်မြဲနေစေရန် ထိန်းသိမ်းထားရှိနိုင်စေသည့် ကြီးကြပ်အုပ်ချုပ်သူအစိုးရ အမျိုးအစားကို ရရှိနိုင်စေမည့် ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်နိုင်ရန်မှာ လွယ်ကူသည့် လုပ်ငန်းစဉ်များ မဟုတ်သည်ကို မိမိတို့တိုင်းပြည်နိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော် ရရှိခဲ့သည့် အတွေ့အကြုံများက သက်သေပြလျက် ရှိနေပါသည်။

အထက်ဖော်ပြပါ ပတ်ဝန်းကျင်ကောင်းကို ရရှိနိုင်စေရန်မှာလောက ပါလတရားများ ဖြစ်ကြသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ အခွင့်အရေး တန်းတူညီမျှခြင်းတို့ကို ထွန်းကားပြန့်ပွားလာစေရန် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဆိုသည့် အသိအမြင်ကို လွတ်လပ်ရေး မရမီကတည်းကပင် နားလည်သဘောပေါက်ခဲ့ကြပါသော်လည်း ယနေ့အချိန်အထိ တာဝန်ရှိသူများအနေဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် ပျက်ကွက်နေကြသည်မှာ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားလူအများအား ဆင်းရဲဒုက္ခ ချောက်ကမ်းပါးထဲသို့ တွန်းချနေသကဲ့သို့ ဖြစ်နေစေပါသည်။ ထို့ကြောင့် လောကပါလတရားများ ဆိတ်သုဉ်းပျောက်ကွယ်နေပါပြီလားဆိုသည့် မေးခွန်းကို မေးရမည့်အဆင့်သို့ပင် ရောက်ရှိလာစေခဲ့ပါသည်။

ဖော်ပြပါမေးခွန်းကို စာရေးသူ၏ အဆင့်အတန်း အခြေအနေအားဖြင့် စာဖတ်သူအားလုံးကို စိတ်ကျေနပ်သည်အထိ ဖြေကြားရန် မဖြစ်နိုင်ပါသော်လည်း စာရေးသူသိမြင်တွေ့ရှိ လေ့လာခဲ့ရသည့် အကြောင်းအရာများအပေါ်တွင် အခြေခံကာ တင်ပြပါမည်။ ထူးခြားကောင်းမွန်သည့် အခြေအနေတစ်ရပ်မှာ လောကပါလတရားများ ထွန်းကားပြန့်ပွားစေရန်ပြုလုပ်ပြီး တိုင်းပြည်နိုင်ငံတော် ထူထောင်ရမည်ဆိုသည့် အသိပညာကို လွတ်လပ်ရေးမရမီကတည်းက သဘောပေါက်နားလည်နေကြခြင်းပင် ဖြစ်ပါသည်။

တစ်ဖန် တစ်ဆင့်တက်ပြီး မေးရန်မှာ လွတ်လပ်ရေးမရရှိမီကတည်းက သဘောပေါက်နားလည်နေကြပြီး အလွန်ကောင်းမွန်သည့် လုပ်ငန်းစဉ်များကို အဘယ့်ကြောင့် ယနေ့အချိန်အထိ ကျင့်သုံးအကောင်အထည်ဖော်ခြင်း မပြုကြပါသလဲ။ ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် မည်ကဲ့သို့သော စိန်ခေါ်မှုများ ကြုံတွေ့နေရပါသလဲ ဆိုသည့်မေးခွန်းများ ဖြစ်ပေါ်လာစေပါသည်။ မေးခွန်းအတွက် အဖြေတစ်ရပ်မှာ ပြည်သူပြည်သားများ၏ နိုင်ငံရေးအခွင့်အရေးနှင့် ပြည်သူ့အခွင့်အရေးကို လေးစားတန်ဖိုးထားရှိသည့် အစိုးရအမျိုးအစားများ မရရှိခဲ့ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ယခုဆောင်းပါးတွင် နိုင်ငံရေးအခွင့်အရေးနှင့် ပြည်သူ့အခွင့်အရေးတို့၏ အဓိပ္ပာယ်အသေးစိတ်ကို တင်ပြခြင်းမပြုဘဲ သဘောတရားနှင့် လိုက်နာကျင့်သုံးမှု အခြေအနေကိုသာ တင်ပြပါမည်။

စာရေးသူအနေဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ မိမိတို့တိုင်းပြည်နိုင်ငံသည် သဘာဝအခြေခံအရင်းအမြစ်များနှင့် လူသားတို့၏ အသိဉာဏ်နှင့် သက်ဆိုင်သည့် အရင်းအမြစ်များ ပေါကြွယ်ဝလျက် ရှိပါသော်လည်း မဖြစ်သင့်၊ မဖြစ်ထိုက်သည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်နေခြင်း၊ ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် အကြာရှည်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာရသည့် အိမ်ထောင်စုများနှင့် လူဦးရေအများအပြားတည်ရှိနေပြီး လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းစဉ်များ တည်ရှိနေရခြင်းစသည့် ဆိုးရွားပြင်းထန်သည့် အခြေအနေဆိုးများမှ လျော့နည်းသက်သာလာစေရန်နှင့် လုံးဝလွတ်မြောက်နိုင်စေရန် ကောင်းမွန်မှန်ကန်ခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲနေစေမည့်အပြင် လက်တွေ့ခံစား စံစားနိုင်မည့် သို့မဟုတ် အကောင်အထည်ဖော် ဆောင်နိုင်စေမည့် ငြိမ်းချမ်းရေး ဒီဇိုင်းမိုဒယ်ကို ရှာဖွေတွေ့ရှိနိုင်စေရေးအတွက် ရည်ရွယ်ပါသည်။

ပထမဦးစွာ လွတ်လပ်ရေး မရရှိမီနှင့် ရရှိပြီးစအချိန် မိမိတို့ တိုင်းပြည်နိုင်ငံခေါင်းဆောင်ကြီးများ၏ ငြိမ်းချမ်းသာယာဝပြောစေရေးနှင့် ပျော်ရွှင်ချမ်းမြေ့မှု အစဉ်အမြဲ တည်တံ့ခိုင်မြဲစေရေး သဘောတရားကို ပုံတွင်ဖော်ပြထားပါသည်။

ထိုစဉ်အချိန်အခါက ခေါင်းဆောင်ကြီးများသည် တိုင်းပြည်နိုင်ငံတွင် လောကပါလတရားများ ထွန်းကားပြန့်ပွားလာစေရေးကို ဦးစားပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရပါသည်။ လောကပါလတရားဆိုသည်မှာ လောကကြီးကို မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ထားသော တရားများဟု ခေါ်ဆိုကြပါသည်။

လောကပါလတရားများအဖြစ် တရားမျှတခြင်း (Justice)၊ လွတ်လပ်ခြင်း (Liberty) နှင့် အခွင့်အရေး တန်းတူညီမျှခြင်း (Equality) တို့ကို သတ်မှတ်ခဲ့ကြပါသည်။ လောကပါလတရားများ ထွန်းကားပြန့်ပွားလာစေရေး ဆောင်ရွက်နေချိန်နှင့် တစ်ပြိုင်နက်တည်း ဥပဒေများနှင့် တင်းကျပ်စွာ ချုပ်နှောင်ထားမှုကင်းသည့် နိုင်ငံရေး အခွင့်အရေး (Political Right) နှင့် ဥပဒေများကို အသုံးပြုကာ တာဝန်ဝတ္တရားများဖြင့် ချုပ်နှောင်ထားရှိသည့် ပြည်သူ့အခွင့်အရေး (Civil Right) (အချို့ကလည်း ပြည်သူ့ရပိုင်ခွင့် သို့မဟုတ် အရပ်သား အခွင့်အရေးအဖြစ် ခေါ်ဝေါ်အသုံးပြုကြပါသည်) တို့ကို ပေါင်းစပ်ကျင့်သုံးနိုင်မည့် မိမိတို့တိုင်းပြည် နိုင်ငံအခြေအနေနှင့် ကိုက်ညီစေသည့် ဒီဇိုင်းမိုဒယ်ပုံစံကို ရှာဖွေရရှိခြင်းအားဖြင့် ငြိမ်းချမ်းသာယာဝပြောရေးနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို အစဉ်အမြဲ တည်တံ့ခိုင်မြဲ နေစေမည် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် အထက်တွင် ဖော်ပြထားသည့် မိမိတို့တိုင်းပြည်နိုင်ငံ ခေါင်းဆောင်ကြီးများက လက်ခံယုံကြည်ထားရှိသည့် ငြိမ်းချမ်းသာယာဝပြောရေး သဘောတရားနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဖော်ပြထားသည့် ငြိမ်းချမ်းရေး သဘောတရားတို့ အနည်းငယ်ကွာခြားလျက်ရှိပုံကို တင်ပြပါမည်။

စာရေးသူ လေ့လာသင်ယူ သိရှိချက်များအရ မိမိတို့တိုင်းပြည်နိုင်ငံသည် (The International Covenant on Civil and Political Rights (ICCPR)) ကို ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပါ။ ယခု တင်ပြချက်သည် သဘောတရားကို နှိုင်းယှဉ်တင်ပြခြင်းသာ ဖြစ်ပါသည်။

“…recognition of the inherent dignity and the equal and inalienable rights of all members of the human family is the foundation of freedom, justice and peace in the World.” (Reference: 1, pp-1)

အဓိပ္ပာယ်မှာ “ကမ္ဘာပေါ်ရှိ မိသားစုဝင် လူသားအားလုံးတို့၏ မွေးရာပါဂုဏ်သိက္ခာနှင့် တန်းတူညီမျှခြင်းတို့အတွက် ထာဝရဖြစ်သော (လွှဲပြောင်း၌မရသော) အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လွတ်လပ်ခြင်း (Freedom) ၊ တရားမျှတခြင်း (Justice) နှင့် ငြိမ်းချမ်းခြင်း (Peace) တို့ကို တည်ဆောက်ခြင်း ဖြစ်ပါသည်။”

အတိုချုပ်တင်ပြရမည်ဆိုပါက မိမိတို့ ခေါင်းဆောင်ကြီးများက “လောကပါလတရားများ ထွန်းကားပြန့်ပွားလာပါက အခွင့်အရေးများ ရရှိလာမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိမည်။” နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် “လူသားတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုပါက ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်း ဖြစ်သည်” ဖြစ်ပါသည်။ စာဖတ်သူတို့အနေဖြင့်လည်း စဉ်းစားဝေဖန်ကြစေ လိုပါသည်။

တတိယအနေဖြင့် အထက်ဖော်ပြပါမေးခွန်းများ၏ အဖြေအချို့မှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည် ဖော်ခဲ့ကြသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် တွေ့ရှိနိုင်ပါသည်။ စာရေးသူအနေဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ဖွဲ့စည်းပုံမရှိဘဲ အုပ်ချုပ်ခဲ့သည့်အပေါ် အခြေခံကာ လောကပါလတရားများ ကျင့်သုံးနိုင်မှု၊ နိုင်ငံရေး အခွင့်အရေးများနှင့် ပြည်သူ့အခွင့်အရေးများကို နှိုင်းယှဉ်တင်ပြပါမည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ ခုနှစ်) သည် လွတ်လပ်ရေး မရရှိမီ ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သည် ဥပဒေဖြစ်ပါသည်။ ဥပဒေနိဒါန်း အခန်းတွင် “တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများကို အခြေပြုကာ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင်ထိန်းသိမ်းရန် သန္နိဋ္ဌာန်ချ၍လည်းကောင်း” (Reference: 2, pp-1) ဖော်ပြထားရှိပြီး လောကပါလတရားများကို အခြေခံကာ အသေးစိတ်ရှင်းလင်း တင်ပြထားပါသည်။

ထို့ပြင် အခန်း (၂) မူလအခွင့်အရေးများကို သီးခြားအခန်းဖြင့် ဖော်ပြထားရှိပြီး အခွင့်အရေးများကို အောက်တွင် ဖော်ပြထားသည့်အတိုင်း ခေါင်းစဉ်များခွဲခြားကာ ဖော်ပြထားပါသည်။ နိုင်ငံသားဖြစ်မှု၊ ညီမျှမှု အခွင့်အရေးများ၊ လွတ်လပ်မှု အခွင့်အရေးများ၊ သာသနာရေးဆိုင်ရာ အခွင့်အရေးများ၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အခွင့်အရေးများ၊ စီးပွားရေးဆိုင်ရာ အခွင့်အရေးများ၊ ရာဇဝတ်ဥပဒေဆိုင်ရာ အခွင့်အရေးများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကာကွယ်နိုင်၊ ရယူနိုင်သော အခွင့်အရေးများ။ (Reference: 2, pp-3-8). အခွင့်အရေးများကို သီးခြားခေါင်းစဉ်များဖြင့် ဖော်ပြထားရှိပြီး နိုင်ငံရေးအခွင့်အရေးများနှင့် ပြည်သူ့အခွင့်အရေးများ ပေါင်းစပ်ရောထွေးပြီး ပါဝင်နေသည်ကို တွေ့ရှိရပါသည်။

တစ်ဖန် အခန်း (၄) နိုင်ငံတော်၏ ၀ါဒရည်ညွှန်းချက်မူများ အခန်းတွင်မူ ပြည်သူ့အခွင့်အရေးများကို သီးခြားဖော်ပြထားပါသည်။ (Reference: 2, pp-11-13). ထူးခြားချက်မှာ အခန်း (၁၀) ခွဲထွက်နိုင်သော အခွင့်အရေးကို သီးခြားအခန်းဖြင့် ဖော်ပြထားပါသည်။ (Reference: 2, pp-65).

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ လောကပါလတရားများ ထွန်းကားပြန့်ပွားလာစေရန်ဆိုသည့် အချက်ပါဝင်ခြင်း မရှိတော့ပါ။ အခန်း (၂) အခြေခံမူများ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)တွင် နိုင်ငံသားတိုင်းသည် ညီမျှသော အခွင့်အလမ်းများ ရရှိစေရမည်။ (Reference: 4, pp-3) နှင့် အခန်း (၁၁) နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန်ဝတ်တရားများ (Reference: 4, pp-28-32) တို့တွင် တင်ပြထားချက်များအရ နိုင်ငံရေးအခွင့်အရေးမှာ ဦးစားပေးခြင်း၊ ပါဝင်ခြင်းမရှိတော့ဘဲ ပြည်သူ့အခွင့်အရေးများကိုသာလျှင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နိဒါန်းအခန်းတွင် “နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသား ပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း၊” (Reference: 4, pp-2). ဖော်ပြထားသည့်အတွက် “ငြိမ်းချမ်းသာယာဝပြောရေးကို” အကျိုးရလဒ်အဖြစ်မှတ်ယူနိုင်ပါသည်။ ထို့ပြင် အခန်း (၁) ပုဒ်မ ၆ ပုဒ်မခွဲ (င)တွင် “နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့်” (Reference: 4, pp-3) ဟုဖော်ပြထားသဖြင့် နိုင်ငံရေးအခွင့်အရေးကို ရည်ညွှန်းသည့် အနေဖြင့်သာ ဖော်ပြထားပါသည်။ သို့သော် “အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ” (Reference: 4, pp-149-156) ကို ကျယ်ပြန့်စွာ ရှင်းလင်းဖော်ပြထားသည့်အတွက် ပြည်သူ့အခွင့်အရေးကို ပိုမိုဦးစားပေးမည်ဆိုသည့် အဓိပ္ပာယ်ဆောင်နေပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ ကျင့်သုံးအုပ်ချုပ်ခဲ့သည့် အချိန်ကာလများသည် စစ်အုပ်ချုပ်ရေးများ ဖြစ်နေပါသည်။ စစ်အုပ်ချုပ်ရေး သဘောတရားများနှင့် နိုင်ငံရေးအခွင့်အရေး၊ ပြည်သူ့အခွင့်အရေး သဘောတရားများမှာ တစ်ပြိုင်နက်တည်း ကျင့်သုံးရန် မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် “အခွင့်အရေးများကို ကျင့်သုံးနိုင်ခြင်းမရှိသည့်အတွက် ငြိမ်းချမ်းသည့် ပတ်ဝန်းကျင် မဖြစ်ပေါ်နိုင်၊ ငြိမ်းချမ်းသည့် ပတ်ဝန်းကျင် မဖြစ်ပေါ်သည့်အတွက် အခွင့်အရေးများကို မကျင့်သုံးနိုင်” ဖြစ်ပေါ်လျက်ရှိနေပြီး ကြက်ဥနှင့် ကြက်မ ဘယ်ကစဖြစ်သည်ကို အဖြေရှာဖွေနေရသကဲ့သို့ ဖြစ်နေပါတော့သည်။ သို့သော် ယခုငြိမ်းချမ်းသည့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးသည် အရေးကြီးလှပါသည်။ အစရှာဖွေတွေ့ရှိနိုင်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက မိမိတို့တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများမှာ ကမ္ဘာပေါ်ရှိ နိုင်ငံများအကြား၊ ပြည်သူပြည်သားများအကြားတွင် မျက်နှာငယ်၊ သိက္ခာမရှိ၊ ညှိုးငယ်စွာ အသက်ရှင် နေထိုင်ရပ်တည်နေကြရမည် ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် ငြိမ်းချမ်းရေး သဘောတရားနှင့် ပတ်သက်သည့် မေးခွန်းကို တင်ပြပါမည်။

“ပြည်တွင်း ငြိမ်းချမ်းရေးသည် အကျိုးရလဒ်ဖြစ်ပါသလား (သို့မဟုတ်) အကောင်အထည်ဖော် ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါသလား” ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ အဆိုပါမေးခွန်း၏အဖြေကို ရရှိနိုင်ခဲ့မည်ဆိုပါက ငြိမ်းချမ်းရေးဖြစ်စဉ်များ ကောင်းမွန်တိုးတက်လာစေမည်ဟု စာရေးသူအနေဖြင့် ယုံကြည်မိပါသည်။

လွတ်လပ်ရေးမရရှိမီနှင့် လွတ်လပ်ရေးရရှိပြီးစအချိန်က ပြည်တွင်းငြိမ်းချမ်းရေးကို အကျိုးရလဒ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ လောကပါလတရားများဖြစ်သည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေး တန်းတူညီမျှခြင်းတို့ကို ထွန်းကားပြန့်ပွားလာစေရန် ဆောင်ရွက်နိုင်မည်ဆိုပါက ငြိမ်းချမ်းသာယာဝပြောမည်ဟု ယုံကြည်ခဲ့ကြပါသည်။ တပ်မတော်ကိုအခြေခံသည့် အစိုးရများလက်ထက်တွင်မူ ပြည်တွင်းငြိမ်းချမ်းရေးသည် ပစ်ခတ်တိုက်ခိုက် အနိုင်ယူခြင်းနှင့် တွေ့ဆုံအစည်းအဝေး ပြုလုပ်ခြင်းဖြစ်သည်ဟု ယုံကြည်လျက် တပ်မတော် သို့မဟုတ် လက်နက်ကိုင်အဖွဲ့များ၏ လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုပြီး ဗဟိုဌာနရုံးတည်ထောင်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းများကဲ့သို့ လုပ်ငန်းစဉ်မျ ားအဖြစ် သတ်မှတ်ခဲ့ကြပါသည်။

စာရေးသူ တစ်ဦးတည်း၏ အသိအမြင် လေ့လာချက်များအရ ဝေဖန်သုံးသပ်ရမည်ဆိုပါလျှင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုအားလုံးတို့သည် အစွန်းတရားများ ဖြစ်နေပါသည်။ စာရေးသူမှာ မိမိတို့တိုင်းပြည်နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဖြစ်စဉ်၊ လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ခြင်းမရှိပါ။ အစည်းအဝေးအချို့တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံသာရှိပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်၊ လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံက ချဉ်းကပ်ခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေး ဒီဇိုင်းပုံစံ မိုဒယ်ကို အသေးစိတ် တင်ပြနိုင်မည်ဆိုပါက မိမိတို့တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအတွက် အကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ပါသည်။ တင်ပြကြမည်ဟုလည်း မျှော်လင့်မိပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ကမ္ဘာပေါ်တွင် တိုင်းပြည်နိုင်ငံများကို အဓိကတိုင်းတာသည့် စံချိန်၊ စံညွှန်း နှစ်မျိုးရှိရာတွင် ပထမတစ်မျိုးဖြစ်သည့် ဖွံ့ဖြိုးမှုကို တိုင်းတာသည့် အတိုင်းအတာဖြင့် တိုင်းတာသည့်အခါတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်သို့ရောက်ရှိနေပြီး ဒုတိယတစ်မျိုးဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု အတိုင်းအတာဖြင့် တိုင်းတာသည့်အခါတွင်လည်း နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကို ကြုံတွေ့နေရပြီး နေရပ်စွန့်ခွာသူ၊ အိုးအိမ်စွန့်ခွာသူများ ရှိနေသည့်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်လျက်ရှိသည့် နိုင်ငံဖြစ်နေပါသည်။

ထို့ကြောင့် အထက်ဖော်ပြပါ အခြေအနေဆိုးများမှ လွတ်မြောက်စေရန်မှာ နိုင်ငံရေးအခွင့်အရေးနှင့် ပြည်သူ့အခွင့်အရေးများကို မြှင့်တင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အစဉ်အမြဲ တည်တံ့ခိုင်မာစွာ ရရှိနိုင်ပါစေကြောင်း သို့မဟုတ် တည်ဆောက်နိုင်ပါစေကြောင်း ဆုတောင်းရင်း ရပ်နားအပ်ပါသည်။

Reference:

1. United Nations (1967), “International Covenant on Civil and Political Right”, (ICCPR).

https://treaties.un.org/doc/treaties/1976/03/19760323%2060-17%20am/ch_iv...

2. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ ခုနှစ်)”,

https://www.constitutuinaltribunal.gov.mm/sites/default/files/constituti...

3. “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ”,

https://www.constitutionaltribunal.gov.mm/sites/default/files/constituti...

4. ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (၂၀၀၈)၊ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)” ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ။

Most Read

Most Recent