မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ရပ်တန့်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အပေါ် အလျင်စလို လုပ်ရပ်ဟု အိန္ဒိယ ပြောကြား

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ရပ်တန့်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အပေါ် အလျင်စလို လုပ်ရပ်ဟု အိန္ဒိယ ပြောကြား
Published 19 June 2021
Ref: DNA India

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုရပ် တန့်ရေး တိုက်တွန်းချက်ပါဝင်သည့် ကုလ သမဂ္ဂအထွေထွေညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက်သည် အလျင်စလိုနိုင်ကြောင်း အိန္ဒိယနိုင်ငံက တုံ့ပြန်ခဲ့သည်။

ဇွန် ၁၈ ရက်က ပြုလုပ်သည့် ကုလ သမဂ္ဂအထွေထွေညီလာခံတွင် မြန်မာ့အရေး အဆိုပြုချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ကြရာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ၃၆ နိုင်ငံက ကြားနေခဲ့သည်။

ကြားနေနိုင်ငံများတွင် အိန္ဒိယနိုင်ငံ လည်းပါဝင်ပြီး ရုရှား၊ တရုတ်၊ နီပေါ၊ သီရိ လင်္ကာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့လည်း ပါဝင်သည်။

လက်ချင်စတိန်းနိုင်ငံက အဆိုပြုသည့်  မြန်မာ့အရေးဆုံးဖြတ်ချက်ကို အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် ဥရောပနိုင်ငံအများစုကထောက်ခံခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံအဖွဲ့ဝင်နိုင်ငံပေါင်း ၁၁၉ နိုင်ငံ ၏ ထောက်ခံမဲနှင့်အတည်ပြုလိုက်ခြင်းဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံက ကန့်ကွက်မဲပေးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

အဆိုပြုချက်ကို တညီတညွတ်တည်း ဆန္ဒဖြင့်အတည်ပြုရန် မျှော်လင့်ခဲ့ကြသော်လည်း မဲခွဲရန်အတွက် မည်သည့်နိုင်ငံမဆို တောင်းဆိုခွင့် ရှိခြင်းကြောင့် ဘယ်လာရုစ်၏ တောင်းဆိုမှုဖြင့် မဲခွဲလိုက်ကြခြင်းဖြစ်သည်။

အထွေထွေညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ် Tirumurti က နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာ့အရေးကို အေးအေးချမ်းချမ်းဖြေရှင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအကြား ညှိညှိနှိုင်းနှိုင်းနှင့် အပြုသဘောဆန်စွာဖြေရှင်းရန် အရေးကြီးသည်ဟု ပြောကြားသည်။

ထို့အပြင် အာဆီယံ ဘုံသဘောတူညီ ချက်ငါးချက်ကို အိန္ဒိယက ထောက်ခံကြောင်း နှင့် ဥပဒေစိုးမိုးမှုရှိရန်၊ ဖမ်းဆီးထားသည့် ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း၊ မြန်မာ့အရေးတွင် အိန္ဒိယ၏သဘောထားသည် တစ်သမတ်တည်း မပြောင်းလဲဘဲ အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း၊  မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသည် ရှေ့ကို ဆက်၍ ရွေ့လျားရမည်ဖြစ်ကြောင်းလည်း အိန္ဒိယသံအမတ်က ပြောကြားသည်။