မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို အမြန်ပြန်လည်ထူထောင်ရန် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက အာဆီယံ အပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် တိုက်တွန်းပြောကြား

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို အမြန်ပြန်လည်ထူထောင်ရန် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက အာဆီယံ အပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် တိုက်တွန်းပြောကြား
Published 18 June 2021
Ref: KBS World

မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေး နှင့် ဒီမိုကရေစီကို အလျင်အမြန်ပြန်လည်ထူ ထောင်ရန် လိုအပ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Suh Wook က ပြော ကြားခဲ့သည်ဟု KBS World ရုပ်သံမှ ဖော်ပြ ခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာန အဆိုအရ ကာကွယ်ရေးဝန်ကြီး Suh Wook သည် အဆိုပါပြောကြားချက်ကို ဇွန် ၁၆ ရက်က အွန်လိုင်းမှပြုလုပ်သည့် အာဆီယံ အပေါင်း ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ASEAN Defense Minister’s Meeting Plus မှာ ပြောကြားခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးကို အာဆီယံ နိုင်ငံ ၁၀ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများအပြင် တောင်ကိုရီးယား၊ အမေရိကန်၊ တရုတ် နှင့် ဂျပန်တို့မှ ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

“လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တို့အပါအဝင် အခြေခံစံတန်ဖိုးတွေကို အလေးထားတဲ့ နည်းလမ်းမျိုးနဲ့သာ မြန်မာ့အရေးကို ဖြေ ရှင်းရမယ်။ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေဟာ ဘယ်လိုအခြေအနေ မှာမှ လက်ခံလို့မရနိုင်ဘူး” ဟု  တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

မြန်မာ့အရေးအပြင် ကာကွယ်ရေးဝန်ကြီး Suh Wook က ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ၊ ဒေသတွင်း ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံအား ပေးကြရန်လည်း အစည်းအဝေးတွင် တောင်း ဆိုခဲ့သည်။

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂဦး ဆောင်သည့် လူသားချင်းစာနာထောက်ပံ့မှု အစီအစဉ်အတွက် တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာကိုးသိန်း ထည့်ဝင်လှူ ဒါန်းထားကြောင်းလည်း ကုလသမဂ္ဂက ဇွန် ၁၇ ရက်တွင်ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

တောင်ကိုရီးယားအစိုးရသည် မြန်မာ နိုင်ငံအပေါ် လူသားချင်းစာနာသည့် အကူအ ညီများ ဆက်လက်ပေးအပ်နေသော်လည်း ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှု များကို ဆိုင်းငံ့ထားသလို မြန်မာနိုင်ငံသို့ စစ် လက်နက်နှင့် အခြားမဟာဗျူဟာမြောက် ပို့ ကုန်ပစ္စည်းများတင်ပို့မှုကို တားမြစ်ထားသည်။