မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ G-7 ထိပ်သီးအစည်းအဝေးကြေညာချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ G-7 ထိပ်သီးအစည်းအဝေးကြေညာချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်
Published 16 June 2021

G-7 ထိပ်သီးအစည်းအဝေး၏ Carbis Bay ကြေညာချက် အပိုဒ် ၅၉ တွင် မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ တစ်ဖက်သတ် မမှန်ကန်စွာ ဖော်ပြထားခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဇွန် ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် G-7 ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အတည်ပြု၍မရသော သတင်း အရင်းအမြစ်များ၏ ထွက်ပေါ်လာချက်များအရ ဘက်လိုက်မှုရှိသည့် သတင်းမှားများအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးကိစ္စရပ်အား ထည့်သွင်းဖော်ပြခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ် ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော်က တာဝန် လွှဲပြောင်းရယူခြင်းကို အာဏာသိမ်းမှုအဖြစ် G-7 ထိပ်သီးအစည်းအဝေးကြေညာချက်တွင် မှားယွင်းစွာဖော်ပြခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တည်ဆဲဥပဒေများ၊ စည်းမျဉ်းမူဘောင်များနှင့်အညီ ၎င်းတို့၏ တာဝန်ဝတ္တရားများကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထု လုံခြုံရေးအတွက် အကြမ်းဖက်မှုများကို ထိန်းချုပ်ရာတွင် အင်အားအသုံးပြုရန် လိုအပ်သည့်အခါများတွင်မှသာ အင်အားအနည်းဆုံးနှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အနေဖြင့် မြေပြင်အခြေအနေမှန်များ၊ သတင်းအချက်အလက်မှန်များကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များ၊ ပြောကြားချက်များကို ဆောင်ရွက်ရာတွင် အတည်ပြု၍မရသော သတင်းရင်းမြစ်များကို ကိုးကားခြင်းထက် သတင်းအချက်အလက်မှန်များအပေါ်တွင် အခြေခံသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အပိုဒ် (၂) စာပိုဒ် (၇) အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရ ဟူသောအချက်ကို လိုက်နာရန် အရေးကြီးမှုကို အလေးအနက်ထား ပြောကြားလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။