ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူနှစ်ဦးအား မူလတရားရုံးက အလုပ်နှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သော်လည်း အယူခံတင်သွင်းခဲ့သည့်အတွက် အထက်တရားရုံးက ကိုယ်ပိုင်ခံဝန်ဖြင့် အချုပ်လွတ်ထုချေခွင့်ပြုထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူနှစ်ဦးအား မူလတရားရုံးက အလုပ်နှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သော်လည်း အယူခံတင်သွင်းခဲ့သည့်အတွက် အထက်တရားရုံးက ကိုယ်ပိုင်ခံဝန်ဖြင့် အချုပ်လွတ်ထုချေခွင့်ပြုထား
Published 18 November 2020
နေရိုင်း၊ ဇေယျာထွန်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူနှစ်ဦးအား မူလတရားရုံးက အလုပ်နှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သော်လည်း အယူခံတင်သွင်းခဲ့သည့်အတွက် အထက်တရားရုံးက ကိုယ်ပိုင်ခံဝန်ဖြင့် အချုပ်လွတ် ထုချေခွင့်ပြုထားကြောင်း သိရသည်။

တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ရလဒ်များ အလိုမရှိဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ဦးဆောင်သူနှစ်ဦးဖြစ်သည့် ဇော်လင်း (ခ) ဇော်ဦး (ခ) ဇော်ဇော်လင်းနှင့် ညီညီ (ခ) ထွန်းမြင့်အောင်တို့အား ဥတ္တရသီရိမြို့နယ်တရားရုံးက နိုဝင်ဘာ ၁၂ ရက်က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ချမှတ်သည့်အပေါ် တရားခံများ၏ ရှေ့နေဘက်က ဒက္ခိဏခရိုင်တရားရုံးသို့  အယူခံ တင်သွင်းခဲ့သည့်အပြင် အယူခံ ကာလအတွင်း အချုပ်လွတ်ထုချေခွင့် ပြုရန်လျှောက်ထားမှုကြောင့် ဇော်လင်း (ခ) ဇော်ဦး (ခ) ဇော်ဇော်လင်းနှင့် ညီညီ (ခ) ထွန်းမြင့်အောင်တို့အား နိုဝင်ဘာ ၁၆ ရက်တွင် ကိုယ်ပိုင်ခံဝန်ဖြင့် အချုပ်လွတ်ထုချေခွင့်ပြုခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်က “မူလရုံးမှာက သူတို့ကိုအပြစ်ရှိ၊ မရှိလားလို့မေးတော့ သူတို့က အပြစ်ရှိတယ်လို့ဝန်ခံခဲ့တယ်။ ဒီမှာ လျှောက်ထားတာကတော့ ပထမအကြိမ်ဖြစ်တယ်။ ဥပဒေသဘောကို နားမလည်ဘူးဆိုတာကို သူတို့ ဝန်ခံတဲ့အကြောင်းကြောင့် အဓိကကတော့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ ပြန်လည်စဉ်းစားပေးရန်တင်ပြတာပါ။ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ က သုံးလထက်မပိုဘူး။ ဒဏ်ငွေကလည်း သုံးသောင်းထက်မပိုတဲ့အမှုဖြစ်တဲ့အတွက် ရာဇဝတ် ကျင့်ထုံးဥပဒေအရ အာမခံပေးနိုင်တဲ့ပုဒ်မတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ အယူခံဝင်ရောက်တဲ့ကာလအတွင်းမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၈ (၁) အရ အယူခံကာလအတွင်း ကျပ်ငါးသိန်းတန် ကိုယ်ပိုင်ခံဝန်ဖြင့် အချုပ်လွတ်ထုချေခွင့် ပြုခြင်းဖြစ်တယ်” ဟု ပြောကြားသည်။

အယူခံကာလအတွင်း အချုပ်လွတ်ထုချေခွင့်ပြုထားသည့် ဇော်လင်း (ခ) ဇော်ဦး (ခ) ဇော်ဇော်လင်းနှင့် ညီညီ (ခ) ထွန်းမြင့်အောင်တို့၏အမှုကို နိုဝင်ဘာ ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး အဆိုပါနေ့တွင် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း သိရသည်။

“ရုံးရဲ့လုပ်ထုံံးလုပ်နည်းနဲ့ တရာခံဘက်ကလည်း လျှောက်လဲချက်တင်မယ်။ နိုင်ငံတော်ဘက်ကလည်း ရုံးမှာ လျှောက်လဲချက်တင်ပါမယ်။ လျှောက်လဲချက်ကြားနာပြီးရင်တော့ အမိန့်ချဖို့ ပြန်လည်ချိန်းဆိုပါမယ်” ဟု ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်က ပြောကြားသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ တွင် မည်သူမဆိုပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော  ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

 

Most Read

Most Recent