ကချင်ပြည်နယ် အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်စသည့်ဒေသမှ လူတစ်ဦး၏မဲသည် ရန်ကုန်မြို့ကဲ့သို့ ဒေသများမှ လူသုံးထောင်ကျော်၏ မဲနှင့် အချိုးတူနေဟုဆို

ကချင်ပြည်နယ် အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်စသည့်ဒေသမှ လူတစ်ဦး၏မဲသည် ရန်ကုန်မြို့ကဲ့သို့ ဒေသများမှ လူသုံးထောင်ကျော်၏ မဲနှင့် အချိုးတူနေဟုဆို
Published 16 November 2020
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ် စသည့်ဒေသမှ လူတစ်ဦး၏မဲသည် ရန်ကုန်မြို့ကဲ့သို့ လူထူထပ်သည့်ဒေသမှလူ သုံးထောင်ကျော်၏ မဲနှင့်အချိုးတူညီနေကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ ထောက်ပြပြောကြားသည်။

“ တိုင်းရင်းသားပါတီများ ဘာကြောင့်မျှော်မှန်းသလောက်မနိုင်ခဲ့တာလဲ” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၄ ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ဦးသောမတ်ဇော်ရိန် (Analysis, KS CSO electoralo consortium) က ကချင်တိုင်းရင်းသားများနှင့်  ဗမာတိုင်းရင်းသား ဦးရေများ မဲပေးနိုင်သူများကို ယှဉ်တွဲဝေဖန်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

“ ကျွန်တော်တို့တွေ့နေရတာက တိုင်းရင်းသားလူဦးရေအရ ကချင်မှာ ဗမာတိုင်းရင်းသာ မဲပေးနိုင်သူက လေးသိန်းကျော်တယ်။ ကချင်ကလည်း လေးသိန်းကျော်ရှိတယ်။ ဒါပေမဲ့ ဒီမှာမနေကြဘူး။ စစ်ဘေးရှောင် နှစ်သောင်းကျော်ရှိတယ်။ ကချင် မဲက နှစ်သိန်းကျော်ပေးတယ်ဆိုရင်တောင် လေးသိန်းကျော်အားကို မနိုင်ဘူး။ ရှမ်းက နှစ်သိန်းကျော်ရှိတယ်။ သုံးပါတီ ညီမျှခွဲရင် ခုနစ်သောင်းကျော်ပဲရှိတယ်။ အခု တိုင်းရင်းသားတွေနိုင်တဲ့ အင်ဂျန်းယန်တို့၊ ဆွမ်ပရာဘွမ်တို့က ရန်ကုန်က လူထူထပ်တဲ့ လူဦးရေ သုံးထောင်ကျော်မဲနဲ့ သွားညီနေတယ်။ ရွေးကောက်ပွဲနည်းနာတွေအရ ကမ္ဘာမှာ ငါးအချိုးကနေ ၁၅ အချိုးအထိလောက်ပဲရှိတယ်။ ကျွန်တော်တို့ဆီမှာ ၃၆၅ လောက်ကွာနေတယ်။ ကမ္ဘာမှာ ဘယ်မှာမရှိဘူး။ ဒါကို နိုင်ငံတကာအဖွဲ့တွေ၊ ကာတာလိုအဖွဲ့တွေက UEC ကို ဖိအားပေးနေပြီ။ ရွေးကောက်ပွဲ စနစ်တကျတွေ လုပ်လာရင် အဲဒီနေရာတွေ ပေါင်းသွားနိုင်တယ်။ နောက်ကျရင် အဲဒီနေရာတွေက တိုင်းရင်းသားပါတီတွေရဲ့ Habitics (စားကျက်) ဆိုတာ ပျောက်သွားနိုင်တယ်။ ကျွန်တော်တို့ ပကတိအားကို စနစ်တကျပြန်ကောက်ရမယ်။ အဲဒါပြီးမှ အင်အားကြီးတာကို ဘယ်လိုပါအောင်လုပ်မလဲဆိုတာ ချိန်ထိုးကြည့်ရမှာဖြစ်ပါတယ်” ဟု ဦးသောမတ်ဇော်ရိန် ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးနိုင်သူမှာ ၁၁၄၉၇၈၃ ဦးဖြစ်ကြောင်း သိရပြီး မဲပေးခဲ့သူဦးရေမှာ စာရင်းချုပ်နေဆဲဖြစ်ကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အင်ဂျန်းယန်မြို့နယ်တွင် မဲဆန္ဒရှင်၂၀၀၆ ဦးရှိပြီး ၁၄၂၁ ဦး လာရောက်မဲပေးခဲ့ကာ ဆွမ်ပရာဘွမ်မြို့နယ်တွင် မဲဆန္ဒရှင် ၂၇၈၆ ဦးရှိပြီး ၂၄၄၉ ဦးလာရောက်မဲပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ် ထုတ်ပြန်သည့်မဲစာရင်းတွင် ကချင်ပြည်နယ်၌ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ) တွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းမှာ ဗမာ ၄၁၈၄၅၅ ဦး၊ ရှမ်း ၂၀၇၃၅၈ ဦး၊ လီဆူ ၇၀၄၁၃ ဦး၊ ရဝမ် ၃၃၁၈၃ ဦး စုစုပေါင်း ၇၂၉၄၀၉ ဦးရှိပြီး ကျန်လူမျိုးမဲစာရင်းမှာ ၃၅၅၆၇၂ ဦးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent