ကပ်ရောဂါကို ကြံ့ကြံ့ခံ တွန်းလှန်နေကြတဲ့ ရန်ကုန်မြို့က ပြည်သူတွေ

ကပ်ရောဂါကို ကြံ့ကြံ့ခံ တွန်းလှန်နေကြတဲ့ ရန်ကုန်မြို့က ပြည်သူတွေ
ရန်ကုန်မြို့ရှိ စျေးတစ်ခုတွင် စျေးသည်စျေးဝယ်တို့ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စျေးတစ်ခုတွင် စျေးသည်စျေးဝယ်တို့ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 13 September 2020
နေဝန်းထက်

COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း၏ ဒဏ်ကို ရန်ကုန်မြို့သည် ဆိုးဆိုးရွားရွား ကြုံတွေ့လျက်ရှိနေသည်။ ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည်ဟု သတ်မှတ်ကြသည့် သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းအထိ ရန်ကုန်မြို့တွင် COVID-19 အတည်ပြုလူနာသစ် တစ်ထောင်ကျော်တွေ့ ရှိခဲ့ခြင်းဖြင့် ရန်ကုန်မြို့သည် ကပ်ရောဂါ ပျံ့နှံ့မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရ ကြောင်း သက်သေပြနေသည်။ ထိုအခြေအ နေများကြောင့် ရန်ကုန်မြို့သည် တင်းကျပ်သည့် ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းကမ်းများဖြင့် နေထိုင်ရတော့မည် ဖြစ်သည်။

ရန်ကုန်မြို့နေပြည်သူများသည်လည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည့် မည်သည့်နေရာမှ ကူးစက်ခဲ့သည်ကို မသိရှိ နိုင်သည့် ကွင်းဆက်ပြတ်လူနာတွေ့ရှိမှုများကြောင့် စိုးရိမ်ထိတ်လန့်မှုများစွာကို ခံစား နေကြရသည်။ တစ်နေရာမှ တစ်နေရာသို့ မသွားရဲ မလာရဲသည့် အခြေအနေများကို ကြုံတွေ့နေရပြီး ရောဂါကူးစက်ခံရမည့် အပေါ်စိုးရိမ်မှုများသည် တစ်နေ့တခြား မြင့် တက်လာလျက် ရှိနေသည်။

“ဘယ်ကိုမှ မသွားဘူး။ အိမ်ထဲမှာပဲ နေ မှရတော့မယ်။ တစ်မြို့လုံး ရောဂါကူးစက်မှု တွေဖြစ်နေတာ။ ဘယ်မှလည်း မသွားရဲ တော့ဘူး။ ရပ်ကွက်ထဲမှာလည်း ကူးစက်မှု တွေရှိနေတယ်လေ” ဟု COVID-19 ရော ဂါ ကူးစက်မှုဒဏ်ကို ဆိုးဆိုးရွားရွားကြုံ တွေ့နေရသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အန်တီမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တွင် မြို့နယ် ၂၈ မြို့နယ်သည် Stay At Home နေထိုင်ရန်အတွက် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ကပ်ရောဂါ ပထမလှိုင်းကာလတွင်လည်း ယခုကဲ့သို့ Stay At Home အစီအစဉ်ကို ပြုလုပ်ခဲ့ရ သော်လည်း ယခုအကြိမ်တွင်တော့ ရန်ကုန် မြို့နေ ပြည်သူများအကြားတွင် ပိုမို၍ ထိတ် လန့်ကြောက်ရွံ့နေကြဟန်ကို တွေ့မြင်နေရ သည်။ ရပ်ကွက်တိုင်းရှိလမ်းတိုင်းတွင် အဝင်အထွက်များကို သက်ဆိုင်ရာ ရပ်ကွက်နေ ပြည်သူများက တင်းတင်းကျပ်ကျပ်ဖြင့် စောင့်ကြည့်နေထိုင်လျက် ရှိနေကြပြီး ရပ်ကွက်အတွင်း သို့မဟုတ် လမ်းအတွင်း နေ ထိုင်သူမဟုတ်ပါက  လက်ရှိ အချိန်ကာလ တွင် ဝင်ရောက်ခွင့်ရရန် မသေချာပေ။

“ဟိုဘက်လမ်း ဒီဘက်လမ်းသွားဖို့ တောင် အခြေအနေမကောင်းဘူး။ လမ်း ထိပ်တွေမှာ အကုန်လုံးစောင့်ကြည့်နေကြ တာ။ နေတဲ့သူမဟုတ်ရင် ပေးမဝင်ကြဘူး။ ကျွန်တော်တို့လမ်းလည်း ဒီအတိုင်းပဲ။ အကုန်လုံးက စိုးရိမ်နေကြလို့ အိမ်ထဲမှာပဲ နေကြတယ်” ဟု သုဝဏ္ဏမြို့တွင်နေထိုင်သည့် ကိုဇီးကွက်က ပြောကြားသည်။

Viurs Outbreak ဖြစ်နေမှုကြောင့် ရန်ကုန်မြို့နေ ပြည်သူများသည် နေအိမ်မှ အပြင်ထွက်ရန်အတွက် ဝန်လေးလျက်ရှိ နေကြပြီး ရောဂါပိုးကူးစက်ခံရမည်ကို အလွန်ထိတ်လန့်နေကြရသည်။ သို့သော်လည်း ပြည်သူအချို့ကတော့ စိုးရိမ်မှုများကို မျိုသိပ်ရင်း စားဝတ်နေရေးအတွက် အပြင်ထွက် လှုပ်ရှားရုန်းကန် နေကြရသည်လည်း ရှိနေပြန်သည်။

“ဒီရက်ပိုင်းက သိပ်မရောင်းကောင်း ဘူး။ လာဝယ်တဲ့သူ သိပ်မရှိဘူး။ ကျွန်မတို့ လည်း မရောင်းခိုင်းတော့ဘူးလို့ကြားတယ်။ ဘယ်တော့လည်းသာမသိတာ။ အဲဒီကျရင်တော့ အိမ်မှာပဲ ရောင်းတော့မယ်လို့ စဉ်းစား ထားတယ်။ မလုပ်လို့က မရဘူးလေ” ဟု တာ မွေမြို့နယ်တွင် တွန်းလှည်းဖြင့် ကြက်သားကင် လှည့်လည်ရောင်းချသူတစ်ဦးက ပြော ပြသည်။

ထို့သို့ Stay At Home နေထိုင်ရန် အခြေအနေမပေးဘဲ အပြင်ထွက် လှုပ်ရှား ရုန်းကန်နေရသော်လည်း လက်ရှိဖြစ်ပွား နေသည့် ကပ်ရောဂါအခြေအနေကြောင့် အဆင်မပြေသည့် အခြေအနေများကိုသာ ကြုံတွေ့နေကြရသည်။ တစ်ရက်လျှင် မိသားစု စားဝတ်နေရေး ဖြေရှင်းရန်အတွက်ပင် ဝင်ငွေရရှိရန် မနည်းကြိုးစား ရှာနေကြရပြီး ရက်အတော်တော်များသည် အဆင်မပြေမှု များဖြင့်သာ ကြုံတွေ့ကြရပြန်သည်။

“တစ်နေကုန်ကားဆွဲလို့ မကောင်းဘူး။ ဘယ်သူမှလည်း အပြင်မထွက်ကြတော့ ခရီးသည်က မရဘူး။  အုံနာခ တစ်သောင်းတောင် မရတော့ ကားပြန်အပ်ဖို့တောင် စဉ်းစားနေ ရပြီ။ မဟုတ်ရင်လည်း ဘာလုပ်ရမယ်မှန်း မသိတော့ဘူး” ဟု အငှားယာဉ်မောင်းတစ်ဦး က ပြောပြသည်။

 စားဝတ်နေရေးကျပ်တည်းမှုများကို ကြုံတွေ့နေကြရသော်လည်း ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် မပြေလည်မှုများကို ခေတ္တမေ့လျော့ထားရင်း ရန်ကုန်မြို့နေ လူထုသည် အင်တိုက်အားတိုက်ပင် ပူး ပေါင်းပါဝင်လျက် ရှိနေသည်။ မိမိတို့၏ ချစ်ခင်ရသူများ မဆုံးရှုံးစေရေးအတွက် ပြည်သူများသည် ကျပ်တည်းမှုများကို သည်းခံ၍ အားတင်းနေထိုင်ကြရသည်။

“ဆိုင်က ပိတ်ထားတယ်။ ဟိုတစ်နေ့က အထိ ဖွင့်သေးတယ်။ ဒါပေမဲ့ ရောဂါကူး စက်မှုတွေက အများကြီးဖြစ်လာတော့ မဖြစ် တော့ဘူး။ ပိတ်ထားမှ ဖြစ်တော့မယ်ဆိုပြီး ပိတ်ထားလိုက်ရတယ်။ ကူးစက်ခံလိုက်ရရင် ကိုယ့်မိသားစုအတွက် ဆုံးရှုံးစရာ ပိုများမယ် ထင်တယ်လေ။ အကျပ်အတည်းဖြစ်ပေမဲ့ ခဏတော့ သည်းခံရမှာပေါ့” ဟု သုဝဏ္ဏစျေးတွင် စျေးဆိုင်ဖွင့်လှစ်ထားသည် မဖြူကပြောပြသည်။

အလယ်အလတ်တန်းစား လူတန်းစား ပြည်သူများအနေဖြင့် ကျပ်တည်းမှုဒဏ်ကို အချိန်အတိုင်းအတာ တစ်ခုလောက်အထိ တောင့်ခံထားနိုင်ဖွယ် ရှိနေသော်လည်း လက်လုပ်လက်စား အခြေခံလူတန်းစားများ အတွက်ကတော့ မဟုတ်ပေ။ တစ်ရက်အလုပ် မလုပ်လျှင် ထိုနေ့ စားဝတ်နေရေးအတွက် ဖြေရှင်းရန် ခက်ခဲလာမည်ဖြစ်ခြင်းကြောင့် နေ့စဉ်နှင့်အမျှ အပြင်ကိုထွက် ဝင်ငွေထွက် ရှာနေကြသည်။

စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ မြို့နယ် ၂၈ မြို့နယ် Stay At Home သတ်မှတ်ခဲ့သဖြင့် အသွားအလာများ လွန်စွာကျဲ ပါးသွားခဲ့ပြီး တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ကူးလူးသွားလာရန်ပင် အခက်အခဲရှိသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် အခြေခံလူတန်းစား နွမ်းပါးသည့် ပြည် သူများကတော့ နေအိမ်တွင် မနေထိုင်နိုင်ဘဲ လမ်းပေါ်ထွက်ကာ စားဝတ်နေရေးအတွက် ရှာဖွေနေကြရသည်။

ပိတ်ဆို့ထားသည့် လမ်းများကို ရှောင်ရှားကာ လက်တွန်းစျေးသည်များ၊ ခေါင်းရွက်ဗျပ်ထိုး စျေးသည်များ၊ သရေစာရောင်း ချသည့် စျေးသည်များသည် တစ်လမ်းဝင် တစ်လမ်းထွက် စျေးရောင်းချနေကြရသည်။ သို့သော် ကပ်ရောဂါ ဆိုးရွားပြင်းထန်နေ သည့် အခြေအနေများကြောင့် သူတို့ထံမှ ဝယ်ယူစားသောက်မည့်သူများ ရှားပါးလျက် ရှိနေသည်။

“ဟိုတစ်နေ့က လမ်းက ပိတ်ထားတော့ လမ်းထိပ်မှာ နို့ဝေဖာသည် အော်ရောင်းနေတာကြားတယ်။ စားချင်ပေမဲ့ ဝယ်မစားရဲ ဘူး။ ရောဂါတွေက တအားပြန့်နေတာဆို တော့။ စျေးသည်တွေကတော့ Stay At Home ဆိုပေမဲ့ ထွက်နေကြတာကို တွေ့ နေရတာပါပဲ။ ကျွန်တော်တို့ကလည်း ဝယ်စားချင်ပေမဲ့လည်း မစားရဲဘူးဖြစ်နေရော” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

COVID-19 ကပ်ရောဂါ၏ ဒုတိယလှိုင်း သက်ရောက်မှုကြောင့် ရန်ကုန်တစ်မြို့ လုံးတွင် မပြေလည်မှုများစွာကို ပြန်လည် ကြုံတွေ့နေရသည်။ ယခင်က ကားတန်းရှည် ကြီးများစွာ မပြတ်ရှိနေသည့် သဘာဝဓာတ် ငွေ့အရောင်းဆိုင်များသည် ရှင်းလင်းလျက်ရှိနေပြီး စီတန်းနေကျ အငှားယာဉ်တန်း ရှည်ကြီးသည် ပျောက်ဆုံးလျက်ရှိနေသည်။

“ကားတွေက အကုုန်ပြန်အပ်ကြတာ။ ဂက်စ်ဆိုင်တွေကလည်း မနက်ခြောက် ညခြောက်ဖြစ်ကုန်ပြီလေ။ ကားဆွဲလို့ မကောင်းလို့ ကားအကုန်ပြန်အပ်ကြတာ။ ဂက်စ်ဆိုင်တွေကိုပဲကြည့် ဖြည့်မယ့်ကားတောင် မရှိတော့ဘူး။ ရှင်းနေတာပဲ” ဟု အငှားယာဉ်မောင်း ကိုပိုင်ကြီးက ပြောပြ သည်။

လက်ရှိ ကပ်ရောဂါထိန်းချုပ်ကာကွယ် ရေးအတွက် ရန်ကုန်မြို့နေပြည်သူများသည် အထူးပင်ကြိုးစား ကူညီပေးနေကြသည်။ တတ်နိုင်သမျှ နေအိမ်ထဲတွင်သာ နေထိုင် လျက်ရှိနေကြပြီး ကပ်ရောဂါကို ကြံ့ကြံ့ခံ တိုက်ဖျက်လျက် ရှိနေသည်။ ထို့အတွက်လည်း သူတို့၏ မပြေလည်မှုများကို အချိန် တစ်ခုမျှတော့ ခေါင်းထဲက ထုတ်ထားကြ သည်။

“ဘယ်တတ်နိုင်မလဲ။ ရောဂါတွေဖြစ် နေတော့ ဆိုင်လည်း မထွက်တော့ဘူး။ ပိတ် ထားလိုက်တယ်။ မရောင်းခိုင်းတာတော့ မဟုတ်ပါဘူး။ ရောင်းလို့ရပါတယ်။ ဒါပေမဲ့ ကျန်းမာရေးက ပိုအရေးကြီးတော့ ဆိုင်မ ထွက်ဘဲ နေထိုင်ကြတာပေါ့။ တစ်လနှစ်လ လောက်တော့ နေလို့ရမှာပါ” ဟု လက်သုပ် စုံရောင်းသည့် အမျိုးသမီးတစ်ဦးက ပြော ကြားသည်။

ရန်ကုန်မြို့ကြီးသည် COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းဒဏ်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေရသော်လည်း ယခုတစ်ကြိမ် တွင်တော့ ပထမလှိုင်း အတွေ့အကြုံရှိထားသည့် ရန်ကုန်မြို့နေပြည်သူများက ပိုမို၍ တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်လာ လျက်ရှိနေသည်ကို တွေ့ရသည်။ ယင်း အခြေအနေကြောင့် မကြာမီအချိန်ကာလ အတွင်း ကပ်ရောဂါကြီးကို ပြန်လည်ထိန်း ချုပ်လာနိုင်မည်ဟုလည်း မျှော်လင့်နေကြ သည်။

ယခင်ပြည့်ကျပ်နေသည့် YBS ကား များပင် ခရီးသည်စီးနင်းမှုနည်းပါးနေခဲ့သည် ကိုတွေ့မြင်ရပြီး ရန်ကုန်မြို့နေ ပြည်သူများ သည် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းများကို ပိုမို၍ စနစ်တကျ လိုက်နာ နေကြသည်ကိုလည်း တွေ့ရသည်။ မလိုအပ် ဘဲ အပြင်ထွက်ခြင်းကိုူ ရှောင်ရှားလျက်ရှိနေ ကြပြီး အပြင်ထွက်ရန် လိုအပ်ပါကလည်း စနစ်တကျ စည်းကမ်းတကျ သွားလာနေကြသည်ကိုလည်း တွေ့ရသည်။

COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း ကို ထိန်းချုပ်ရန်အတွက် ရန်ကုန်မြို့နေ ပြည်သူများသည် သူတို့၏စီးပွားရေး ကျပ်တည်းမှု များကို ခဏတော့ မေ့ဖျောက်ထားနိုင်ကြမည် ဖြစ်သည်။ သို့သော် အချိန်မည်မျှ ကြာကြာ တောင့်ခံထားနိုင်ပါမည်နည်း။ Stay At Home သတ်မှတ်ထားသည့် မြို့နယ်တွေ အတွင်း တစ်လမ်းဝင် တစ်လမ်းထွက် လှည့်လည်နေသည့် ဆံပင်ဝယ်သူ အမျိုးသမီး သည် ရောင်းချသူမရှိခြင်းကြောင့် လက်မှိုင်ချနေရသည်။ စျေးဦးမပေါက်သေးသည့် အချဉ်ပေါင်းသည်သည် သူ၏ တွန်းလှည်း မောင်းသံတစ်နောင်နောင်ဖြင့် စျေးဦးပေါက် ရေးအတွက် ကြိုးစားနေကြရသည်။ အချိန် ကြာလာသည်နှင့်အမျှ မပြေလည်သည့် ပြည်သူများ ပိုများလာနိုင်မည်ဖြစ်ပြီး မည်မျှ ကြာကြာ တောင့်ခံထားနိုင်မည်လဲ ဆိုတာက တော့...။

Most Read

Most Recent