နေပြည်တော်ရှိ သံတမန်ဇုန်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့က မြေငှားခပေးသွင်းပြီးဖြစ်၍ အခြား ၁၁ နိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့က မြေနေရာငှားရမ်းရန်အတွက် အဆိုပြုထား

နေပြည်တော်ရှိ သံတမန်ဇုန်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့က မြေငှားခပေးသွင်းပြီးဖြစ်၍ အခြား ၁၁ နိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့က မြေနေရာငှားရမ်းရန်အတွက် အဆိုပြုထား
Published 13 June 2020
နေရိုင်း၊ ဇေယျာထွန်း

နေပြည်တော်ကောင်စီနယ်မြေရှိ သံတမန်ဇုန်နေရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့က  မြေနေရာအတွက် မြေငှားခ ပေးသွင်းပြီးဖြစ်ကာ အခြား ၁၁ နိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့က မြေနေရာငှားရမ်းရန်အတွက် အဆိုပြုထားကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့အနေဖြင့် သံတမန်ဇုန်အတွင်း မြေနေရာ ရယူထားသော်လည်း သံရုံးဆောက်လုပ်ခြင်း မရှိသေးကြောင်း သိရသည်။

“ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြေနေရာ လဲလှယ်ထားတဲ့နိုင်ငံတွေရှိသလို အဆိုပြုထားပြီးတော့ အခုအချိန်အထိ မလာယူနိုင်သေးတဲ့ သံရုံးတွေလည်း ရှိပါတယ်။ မြေငှားခ ပေးသွင်းပြီး စာချုပ်ချုပ်ပြီးတဲ့နိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ။ မလေးရှားနိုင်ငံစာချုပ် ချုပ်ပြီးပါပြီ။ နှစ်နိုင်ငံမြေကွက်လဲလှယ်ဖို့အတွက် စာချုပ်ချုပ်ဆိုထားတာက ဘရူနိုင်းနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ကာတာ၊ ဆော်ဒီနှင့် ဘရာဇီးနိုင်ငံတို့အနေဖြင့် သံရုံးတည်ဆောက်နိုင်ရေး မြေငှားစာချုပ်ချုပ်ဆိုရန်အတွက် ဆောင်ရွက်နေပြီး အမေရိကန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နီပေါ၊ ရုရှား၊ တူရကီ၊ စင်ကာပူ၊ ကူဝိတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အနေဖြင့် သံတမန်ဇုန်အတွင်း မြေငှားရမ်းရန်အတွက်သာ အဆိုပြုထားကြောင်း သိရသည်။

လက်ရှိအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် သံရုံးများအား နေပြည်တော်သို့ ပြောင်းရွှေ့ရန် နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်ထားသော်လည်း လက်ရှိတွင် သံရုံးများ ပြောင်းရွှေ့နိုင်ရန် မဖြစ်နိုင်သေးကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က “ နေပြည်တော်ကို သံရုံးတွေပြောင်းရွှေ့ဖို့ကတော့ Construction တောင် မမီနိုင်ဘူးလို့ မြင်ပါတယ်။ အခုဇွန်လရောက်နေပြီ။ Construction လုပ်မယ်ဆိုရင်တောင် ၂၀၂၀ အတွင်းမှာ ပြီးစရာအကြောင်းမရှိဘူး” ဟု ပြောကြားသည်။

နေပြည်တော်သို့ သံရုံးများပြောင်းရွှေ့နိုင်ရန်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် သံတမန်ဇုန်တွင် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားကြောင်း သိရသည်။

သံတမန်ဇုန်အတွင်း အခြေခံအဆောက်အဦများ ဆောင်ရွက်နေသည့်လုပ်ငန်းများသည် လာမည့်သုံးလအတွင်း အပြီးသတ်လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် အဆိုပါ လုပ်ငန်းအခြေအနေပါ်မူတည်၍သာ သံရုံးများ ပြောင်းရွှေ့လာနိုင်ရန်ရှိကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။