၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းလိုက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်ဘီလျံ ၂၆၆၀ ကျော် တောင်းခံထားပြီး နိုင်ငံတော်သို့ ရငွေအဖြစ်ပြန်သွင်းရန် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ တောင်းခံငွေ ကျပ်ဘီလျံ ၁၅၀၀ ကျော်ပါဝင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းလိုက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်ဘီလျံ ၂၆၆၀ ကျော် တောင်းခံထားပြီး နိုင်ငံတော်သို့ ရငွေအဖြစ်ပြန်သွင်းရန် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ တောင်းခံငွေ ကျပ်ဘီလျံ ၁၅၀၀ ကျော်ပါဝင်
မေ ၁၈ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်ရုံး)
မေ ၁၈ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်ရုံး)
Published 18 May 2020
အောင်မင်းသိန်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းလိုက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်ဘီလျံ ၂၆၆၀ ကျော် တောင်းခံထားပြီး နိုင်ငံတော်သို့ ရငွေအဖြစ်ပြန်သွင်းရန် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ဖြည့်စွက်တောင်းခံငွေ ကျပ်ဘီလျံ ၁၅၀၀ ကျော် ပါဝင်နေကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

မေ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ (၃/၂၀၂၀)အား ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ဖတ်ကြားတင်သွင်းခဲ့သည်။

“ ၂၀၁၉-၂၀၂၀ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံတဲ့ အကြောင်းအရင်းနဲ့ အသုံးစရိတ် အမျိုးအစားအလိုက် တောင်းခံချက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေတောင်းခံငွေဟာ ၂၆၆၀ ဒသမ ၉၈၇ ဘီလျံဖြစ်ပြီးတော့ ၂၀၁၉-၂၀၂၀ မူလခန့်မှန်းခြေရဲ့ ၈ ဒသမ ၃၄ ရာခိုင်နှုန်းရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ တောင်းခံငွေစုစုပေါင်း ၂၆၆၀ ဒသမ ၉၈၇ ဘီလျံအနက် နိုင်ငံတော်သို့ရငွေအဖြစ် ပေးသွင်းရန် တောင်းခံငွေများဖြစ်တဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ နိုင်ငံတော် ထည့်ဝင်ငွေအတွက် ၁၅၅၆ ဒသမ ၂၀၄ ဘီလျံ စုစုပေါင်းတောင်းခံငွေရဲ့ ၅၈ ဒသမ ၅ ရာခိုင်နှုန်းကို ထည့်သွင်းတောင်းခံထားတာကို ပူးတွဲပါဇယားအတိုင်း တွေ့ရှိရမှာဖြစ်ပါတယ်” ဟု ဦးအောင်မင်းက လွှတ်တော်၌ တင်ပြခဲ့သည်။

ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအလိုက် တောင်းခံမှုများတွင် ဗဟိုအဖွဲ့အစည်းများမှ ဖြည့်စွက်တောင်းခံငွေကျပ် ၄ ဒသမ ၀၁၉ ဘီလျံ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ဖြည့်စွက်တောင်းခံငွေ ကျပ် ၈၀၄ ဒသမ ၃၁၅ ဘီလျံ၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ (ဘဏ္ဍာရန်ပုံငွေအတွင်း) မှ ဖြည့်စွက်တောင်းခံငွေ ကျပ် ၁၇၆၃ ဒသမ ၆၃၁ ဘီလျံ၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ (ဘဏ္ဍာရန်ပုံငွေပြင်ပ) မှ ဖြည့်စွက်တောင်းခံငွေ ကျပ် ၃၀ ဒဿမ ၇၇၁ ဘီလျံ အပါအဝင် ဖြည့်စွက်တောင်းခံငွေ စုစုပေါင်း ကျပ်ဘီလျံ ၂၆၆၀ ဒသမ ၉၈၇ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

“ ၂၀၁၉-၂၀၂၀ ပြည့်နှစ် ဖြည့်စွက်တောင်းခံငွေမှာ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများရဲ့ပါဝင်မှုကို ကောက်နှုတ်ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။ စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ ၁၇၉၄ ဒသမ ၄၀၂ ဘီလျံ တောင်းခံထားတာဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့ ဖြည့်စွက်တောင်းခံငွေရဲ့ ၆၇ ရာခိုင်နှုန်းကို နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေက တောင်းခံထားခြင်းပဲ ဖြစ်ပါတယ်။ သို့သော် အဲဒီလိုတောင်းခံတဲ့ငွေ စုစုပေါင်း ၁၇၉၄ ဒသမ ၄၀၂ ဘီလျံမှာ နိုင်ငံတော်ကို ရငွေအဖြစ်ပေးသွင်းရမယ့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ နိုင်ငံတော်ထည့်ဝင်ငွေအတွက် တောင်းခံငွေမှာ ၁၅၅၆ ဘီလျံရှိတဲ့အတွက် နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းများရဲ့ ၈၆ ရာခိုင်နှုန်းဟာ နိုင်ငံတော်ကို ရငွေအဖြစ် ပေးသွင်းရမယ့် အသုံးစရိတ်တွေဖြစ်တာကို တွေ့ရှိရမှာဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ရငွေအဖြစ်ပေးသွင်းရမည့် ဝင်ခွန်မှာ ကျပ် ၃၄၈ ဒသမ ၃၄၆ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှာ ကျပ် ၁ ဒသမ ၈၉၆ ဘီလျံဖြစ်ပြီး  နိုင်ငံတော်ထည့်ဝင်ငွေ ကျပ် ၁၂၀၅ ဒသမ ၉၆၂ ဘီလျံဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (RE) ကို ရေးဆွဲသည့်အချိန်သည် COVID-19 အား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခြင်းမပြုမီ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာပြီး နောက်ပိုင်းတွင် တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေသည့် သက်ရောက်မှုများကို သိရှိကြမည်ဖြစ်ခြင်းကြောင့် လက်တွေ့အကောင်အထည်ဖော်ရာတွင် မူလရည်မှန်းထားသည့် ဝင်ငွေများ အပြည့်အဝမရှိနိုင်သလို အသုံးစရိတ်များလည်း ပိုမိုသုံးစွဲရမည့် အနေအထားများရှိကြောင်း ဦးအောင်မင်းက ပြောကြားသည်။

ဦးအောင်မင်းက “ဖြည့်စွက်ခွင့်ပြုငွေ အကြောင်း အခြေခံရေးဆွဲထားတဲ့ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းကို မူလခန့်မှန်းခြေစာရင်းနဲ့ နှိုင်းယှဉ်တင်ပြထားခြင်းပဲဖြစ်ပါတယ်။ ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ တိုးတက်ရရှိလာမယ့် ဝင်ငွေသည် တိုးတက်သုံးစွဲဖို့ မျှော်မှန်းထားတဲ့ အသုံးစရိတ်ထက် ပိုမိုများပြားတဲ့အတွက် ပြုပြင်ပြီး ခန့်မှန်းခြေဟာ BE ထက်စာလို့ရှိရင် လိုငွေလျော့နည်းသွားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လိုငွေနဲ့ GDP အချိုးလည်း လျော့နည်းသွားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉-၂၀၂၀ ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းဟာ မူလခန့်မှန်းခြေစာရင်းထက် အခြေအနေပိုမိုကောင်းမွန်တယ်လို့ မျှော်မှန်းပြီး ရေးဆွဲခဲ့ကြခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဖြည့်စွက်တောင်းခံငွေ တောင်းခံရသည့် အကြောင်းအရင်းနှင့် အသုံးစရိတ် အမျိုးအစားအလိုက် တောင်းခံမှုများသည် နိုင်ငံတော်သို့ ရငွေအဖြစ်ပေးသွင်ရန် တောင်းခံထားသည့် ငွေကျပ် ၁၅၅၆ ဒသမ ၂၀၄ ဘီလျံ၊ ပြည်ပအကူအညီရငွေ၊ ပြည်ပချေးငွေ ထပ်မံရရှိသည့်အတွက် အရအသုံးဖော်ပြ၍ တောင်းခံရသည့် အသုံးစရိတ်ကျပ် ၂၅၅ ဒသမ ၃၃၂ ဘီလျံ၊ သာမန်အသုံးစရိတ်များတွင် မဖြစ်မနေထပ်မံလိုအပ်သည့် အသုံးစရိတ်များအတွက် တောင်းခံငွေကျပ် ၃၁၄ ဒသမ ၇၂၀ ဘီလျံ၊ ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမည့် ဦးစားပေးအသုံးစရိတ်များမှ လုပ်ငန်းပြီးစီးမှု အခြေအနေအရ ဘဏ္ဍာနှစ်မကုန်မီ ပေးချေရမည့် အသုံးစရိတ်များအတွက် တောင်းခံငွေ ကျပ် ၅၃၄ ဒသမ ၇၃၁ ဘီလျံ ပါဝင်ကြောင်း အစီရင်ခံစာအရ သိရသည်။

Most Read

Most Recent