ပရိသတ်မပါဘဲ ကွင်းပိတ်ကစားပါက ကစားသမားများထံမှ ဆဲဆိုသံများ ထွက်ပေါ်လာဖွယ်ရှိ၍ ရုပ်သံကုမ္ပဏီများ အကျပ်ရိုက်နေ

ပရိသတ်မပါဘဲ ကွင်းပိတ်ကစားပါက ကစားသမားများထံမှ ဆဲဆိုသံများ ထွက်ပေါ်လာဖွယ်ရှိ၍ ရုပ်သံကုမ္ပဏီများ အကျပ်ရိုက်နေ
Published 11 May 2020

ပရီးမီးယားလိဂ်ပွဲစဉ်များကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ပါက ကွင်းထဲတွင် ပရိသတ်ဆူညံသံများမရှိ၍ ကစားသမားများ၏ ဆဲဆိုသံများ ထွက်ပေါ်လာဖွယ်ရှိရာ ရုပ်သံကုမ္ပဏီ များမှာ အကျပ်ရိုက်နေကြကြောင်း သိရသည်။

ပရိသတ်များ၏ အသံမရှိသောကြောင့် ကစားသမားများ၏အော်ဟစ်သံများကို ပီပီပြင်ပြင်ကြားရမည်ဖြစ်ပြီး ယင်းထဲတွင် အသင်းဖော်အချင်းချင်း အော်ဟစ်ဆဲဆိုသည့်အသံများ လည်းပါလာဖွယ်ရှိနေသည်။  

အင်္ဂလန်နိုင်ငံတွင် ရုပ်သံကုမ္ပဏီများအတွက် ထုတ်ပြန်ထားသောစည်းမျဉ်းများအရ ည(၉းဝ၀)နာရီမတိုင်မီ ထုတ်လွှင့်မှုများတွင် ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ခွင့်မရှိပေ။ နိုင်ငံတကာရှိ ရုပ်သံထုတ်လွှင့်မှုများတွင် ကလေးငယ်များ (သို့မဟုတ်) မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်သည့် အစီအစဉ်များ (သွေးထွက်သံယိုများ၊ လိင်ပိုင်းဆိုင်ရာများ၊ ဆဲဆိုရိုင်းစိုင်းသော အသုံးအနှုန်းများပါဝင်သည့် အစီအစဉ်များ)ကို ညပိုင်းနှင့် ညဉ့်နက်ပိုင်းမှသာ ထုတ်လွှင့်ခွင့်ရှိသည်။

သို့ဖြစ်ရာ ဒေသစံတော်ချိန် ည (၉းဝ၀)နာရီမတိုင်မီ ကစားသောဘောလုံးပွဲများတွင် ဆဲဆိုသံများမပါဝင်စေရန် ပရီးမီးယားလိဂ်ပွဲစဉ်များ ထုတ်လွှင့်သည့် BT Sports နှင့် Sky Sports တို့က ကြိုးစားရမည်ဖြစ်သည်။

အဆိုးဆုံးအနေဖြင့် ည(၉းဝ၀) နာရီမတိုင်မီ ကစားသောပွဲစဉ်များတွင် ကွင်းအတွင်းမှ အသံများမပါဝင်ဘဲ ထုတ်လွှင့်ရဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။