လက်ရှိအနေအထားကို ကျေနပ်နိုင်ခြင်း မရှိသေးကြောင်း အာဆင်နယ်နည်းပြ အာတီတာ ဖွင့်ဟ

လက်ရှိအနေအထားကို ကျေနပ်နိုင်ခြင်း မရှိသေးကြောင်း အာဆင်နယ်နည်းပြ အာတီတာ ဖွင့်ဟ
Photos: AFP
Photos: AFP
Published 6 March 2024

 

အာဆင်နယ်အသင်းသည် မတ်လ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရှက်ဖီးယူနိုက်တက်အသင်းအား ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီးနောက်ခုနစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ သို့သော် အာဆင်နယ်နည်းပြ အာတီတာက လက်ရှိအ နေအထားကို မကျေနပ်နိုင်သေးဘဲ ကစားသမားများအား ဆက်လက်တွန်းအားပေးသွားမည်ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အနေဖြင့် ပထမပိုင်းတွင်ပင် ငါးဂိုး သွင်းယူခဲ့ပြီး အသင်းအတွက်ဂိုးများကို အော်ဒီဂွါ(၅ မိနစ်)၊ ဘိုဂလေ(၁၃ မိနစ် OG)၊ မာတင်နယ်လီ(၁၅ မိနစ်)၊ ဟာဗက်ဇ် (၂၅ မိနစ်)၊ ဒက်ကလန်ရိုက်(၃၉ မိနစ်)၊ ဘင် ၀ိှုက်(၅၈ မိနစ်)တို့က သွင်းပေးခဲ့ခြင်းဖြစ် သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲ ခုနစ်ပွဲဆက် အနိုင်ရရာတွင် ၃၁ ဂိုးအထိ သွင်းခဲ့ပြီး ၂၀၁၇-၁၈ ရာသီက မန်စီးတီးအသင်း ခုနစ်ပွဲဆက် အနိုင်ရခဲ့ရာ၌ ၂၈ ဂိုး သွင်းယူမှုစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ 

နည်းပြ အာတီတာလက်ထက် ပရီးမီးယားလိဂ် ၁၆၁ ပွဲတွင် ဂိုး ၃၀၀ ပြည့်မြောက်ခဲ့ပြီး ဂွါဒီယိုလာ(၁၂၀ ပွဲ)၊ ယာဂန်ကလော့ပ်(၁၄၂ ပွဲ)၊ ပယ်လီဂရီနီ(၁၄၉ ပွဲ)တို့ပြီးနောက် အကောင်းဆုံးမှတ်တမ်း ဖြစ်ခဲ့သည်။ အာဆင်နယ်အနေဖြင့် Top-flight လိဂ်သမိုင်းတွင် ဘန်လေ(၁၉၆၁ စက်တင်ဘာလ)ပြီးနောက် အဝေးကွင်း သုံးပွဲဆက် ငါးဂိုးနှင့်အထက် သွင်းယူနိုင်သည့် ဒုတိယမြောက်အသင်း ဖြစ်လာပြီး အင်္ဂလိပ်ဘောလုံးလိဂ်သမိုင်းတွင် အဝေးကွင်း သုံးပွဲဆက် ငါးဂိုးနှင့်အထက်သွင်းကာ အနိုင်ရရှိသည့် ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့သည်။ 

အာဆင်နယ်တိုက်စစ် ကစားသမား ဆာကာသည် အသင်းအတွက် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု အကြိမ် ၅၀ ပြည့်မြောက် ခဲ့ပြီး ၂၀၁၈ နိုဝင်ဘာလကတည်းက ပရီးမီးယားလိဂ်ကစားသမားများထဲတွင် ဆာလာ၊ ဆွန်ဟောင်မင်၊ ဘရူနိုဖာနန်ဒက်စ်၊ မာရက်ဇ် နှင့် ဒီဘရိုင်းနားပြီးနောက် အနည်းဆုံး ဂိုး ၅ဝနှင့် ဂိုးဖန်တီးမှု ၅၀ ရှိသည့် ဆဋ္ဌမမြောက် ကစားသမား ဖြစ်လာခဲ့သည်။

"ဘောလုံးရာသီရဲ့ အရေးအကြီးဆုံးအပိုင်းက ရောက်လာပါပြီ။ ကျွန်တော်တို့အနေနဲ့ တိုးတက်မှုကို ဆက်ထိန်းထားပြီး ပိုကောင်းအောင် လုပ်ရပါမယ်။ ခင်ဗျားလည်း ကျေနပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ ပြီးတော့ ကစားသမားတွေကို ဆက်လက်တွန်းအားပေးရတာကို ကျွန်တော် နှစ်သက်ပါတယ်"ဟု အာတီတာက ပြောကြားခဲ့သည်။ 

Most Read

Most Recent