အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းထွက်နေသည့် ဆာလာသည် မိမိမြင်တွေ့ဖူးသမျှတွင် တစ်ကိုယ်ကောင်းအဆန်ဆုံးကစားသမားဖြစ်ကြောင်း လီဗာပူးလ်ဂန္ထဝင် ဂရေမီဆောင်းနက်စ် ဝေဖန်

အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းထွက်နေသည့် ဆာလာသည် မိမိမြင်တွေ့ဖူးသမျှတွင် တစ်ကိုယ်ကောင်းအဆန်ဆုံးကစားသမားဖြစ်ကြောင်း လီဗာပူးလ်ဂန္ထဝင် ဂရေမီဆောင်းနက်စ် ဝေဖန်
Photo: Sky Sports
Photo: Sky Sports
Published 4 May 2024

 

လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူူးလ်အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းထွက်နေသည့် အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာသည် မိမိမြင်တွေ့ဖူးသမျှ ကစားသမားထဲတွင် တစ်ကိုယ်ကောင်းအဆန်ဆုံး ကစားသမား ဖြစ်ကြောင်း လီဗာပူးလ်ဂန္ထဝင် ဂရေမီဆောင်းနက်စ်က ဝေဖန်ပြောကြားခဲ့သည်။ 

အသက် ၃၁ နှစ်အရွယ်ရှိ ဆာလာသည်  ဧပြီလ ၂၇ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ဝက်စ်ဟမ်း (၂-၂) လီဗာပူးလ်ပွဲ၌ ကွင်းဘေးစည်းတွင် နည်းပြ ကလော့ပ်နှင့် အငြင်းပွားပြီးနောက် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းထွက်နေသည်။ 

ဆာလာသည် ဒဏ်ရာမှပြန်သက်သာလာပြီးနောက် ပြန်လည်ကစားသည့်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် အချို့ပွဲစဉ်များတွင် ပွဲထွက်စာရင်းမှ ချန်လှပ်ခံနေရသူဖြစ်သည်။ ထို့ကြောင့် ဆာလာသည် ၎င်းအား ပွဲထွက်စာရင်းမှ ချန်လှပ်ခဲ့ခြင်းကို ဒေါသထွက်နေပြီး ဝက်စ်ဟမ်းနှင့်ပွဲတွင် အသင်းနည်းပြ ကလော့ပ်နှင့် စကားများခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဝက်စ်ဟမ်းနှင့်ပွဲအပြီးတွင် ကလော့ပ်နှင့် စကားများခဲ့ခြင်းနှင့်ပတ်သက်ပြီး ဆာလာက အဆိုပါဖြစ်ရပ်ကို ဖွင့်ပြောမည်ဆိုပါက အကြီးအကျယ် ပြဿနာတက်နိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသည့် ဆာလာ၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းဘက်က ၎င်းကို အသင်းတွင် ဆက်လက်ထိန်းထားရန် အလိုရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။ သို့သော် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ဂရေမီဆောင်းနက်စ်ကမူ ဆာလာအနေဖြင့် ယခုကဲ့သို့ ပြုမူနေခြင်းမှာ အသင်းမှထွက်ခွာလို၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂရေမီဆောင်းနက်စ်က "ကျွန်တော်ကတော့ ဆာလာအနေနဲ့ ဒီရာသီကုန်ရင် လီဗာပူူးလ်အသင်းက ထွက်ခွာလိမ့်မယ်လို့ ထင်ပါတယ်။ ဆာလာဟာ လီဗာပူးလ်အတွက် အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ သူ့အနေနဲ့ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ကစားမယ်ဆိုရင်ဟာ သူဟာ ဆော်ဒီမှာ အကြီးကျယ်ဆုံးကြယ်ပွင့်ကစားသမားတွေထဲကတစ်ဦး ဖြစ်လာပါလိမ့်မယ်။ ဆာလာက သူဟာ လီဗာပူးလ်အသင်းမှ အကောင်းဆုံး ကစားသမားဖြစ်ပြီး တခြားကစားသမားတွေထက်ပိုပြီး မျက်နှာသာပေးခံရသင့်တယ်လို့ ယုံကြည်နေတယ်။ ဒါကြောင့် ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲထွက်ကစားခွင့်မရတာကို သူ ဒေါသထွက်နေတာပါ။ အဲဒီပွဲမှာ ကလော့ပ်က ဆာလာကို ပွဲပြီးဖို့ ၁၀ မိနစ်အလိုလောက်မှပဲ လူစားဝင်ကစားစေခဲ့တာကြောင့် ဆာလာဟာ သူ့ကို ရန်လုပ်ခဲ့တာပါ။ ဆာလာဟာ ကျွန်တော့်ဘဝတစ်လျှောက် မြင်တွေ့ဖူးတဲ့ ကစားသမားတွေထဲမှာ တစ်ကိုယ်ကောင်းအဆန်ဆုံးကစားသမားပါ။ အရင်တုန်းက သူ့ကို လူစားလဲတဲ့အခါမျိုးမှာ ဆာလာဟာ ဒေါသထွက်လေ့ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဆာလာသည် ဝက်စ်ဟမ်းနှင့်ပွဲတွင် ကလော့ပ်နှင့် ပြဿနာဖြစ်ပြီးနောက် ကြာသပတေးနေ့တွင် အသင်းဖော်များနှင့် ပြုံးရွှင်စွာလေ့ကျင့်ခန်းဆင်းခဲ့ကြောင်း သိရသည်။ ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူထားပြီး ၎င်းကိုခေါ်ယူရန် ဆော်ဒီကလပ်အသင်းများက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

Most Read

Most Recent