■ ဟဲဗီးဝိတ်တန်းခါးပတ်ပေါင်းစည်းပွဲအတွက် နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် တိုင်ဆန်ဖျူရီက အူဆိုက်ကို မျက်နှာချင်းမဆိုင်ဘဲ ရှောင်လွှဲခဲ့     

■ ဟဲဗီးဝိတ်တန်းခါးပတ်ပေါင်းစည်းပွဲအတွက် နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် တိုင်ဆန်ဖျူရီက အူဆိုက်ကို မျက်နှာချင်းမဆိုင်ဘဲ ရှောင်လွှဲခဲ့     
Photo: DAZN
Photo: DAZN
Published 17 May 2024

အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ပေါင်းစည်းပွဲအတွက် နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် တိုင်ဆန်ဖျူရီက အူဆိုက်ကို မျက်နှာချင်းမဆိုင်ဘဲ ရှောင်လွှဲခဲ့ကြောင်း သိရသည်။

    

WBC ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီနှင့် WBA(Super)၊ IBF၊ WBO ချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်တို့၏ အငြင်းပွားဖွယ်မရှိ ချန်ပီယံခါးပတ်ပေါင်းစည်းပွဲကို မေ (၁၈) ရက် (မြန်မာစံတော်ချိန် မေ ၁၉ ရက် နံနက်ပိုင်း) တွင် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ Kingdom Arena ၌ ကျင်းပမည်ဖြစ်သည်။ 

ယင်းပွဲစဉ်အတွက် နောက်ဆုံးသတင်းစာရှင်းလင်းပွဲကို မေ (၁၆) ရက်တွင်ပြုလုပ်ခဲ့ပြီး အူဆိုက်က မျက်နှာချင်းဆိုင်ကြည့်ရန် ဘေးဘက်သို့လှည့်သော်လည်း တိုင်ဆန်ဖျူရီက မျက်နှာလွှဲကာ ပရိသတ်များဘက်သို့ ကြည့်နေခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ကစားသမားနှစ်ဦးစလုံး ပွဲကြိုစကားကို အနည်းငယ်သာပြောခဲ့သဖြင့် ပရိသတ်များ အားမလိုအားမရဖြစ်ခဲ့ရကြောင်း သိရသည်။

    

"ကျွန်တော် အဆင်သင့်ဖြစ်နေပြီ။ ဘာမှ ပြောစရာမရှိဘူး။ ပွဲကောင်းတစ်ပွဲဖြစ်စေဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေပြီ။ ဒါက လွယ် ကူသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်အဆင်သင့်ဖြစ်နေပြီ။ ဘုရားသခင် သူ့ကိုကောင်းချီးပေးပါစေ။ ပွဲ မတိုင်ခင် သူ့အတွက် ဆုတောင်းစကားပြောရမယ်ဆိုရင် နှစ်ယောက်စလုံး ကြိုးဝိုင်းထဲက ဘေးကင်းကင်းနဲ့ ထွက်နိုင်ပါစေ"ဟု တိုင်ဆန်ဖျူရီက ပြောကြားသည်။

    

အူဆိုက်ကလည်း "သမိုင်းတစ်ခုရေးကြတာပေါ့။ ဒီလောက်ဆို လုံလောက်ပါပြီ"ဟု သာ တုံ့ပြန်ခဲ့သည်။

ယခုပွဲတွင် အနိုင်ရမည့်သူမှာ ခါးပတ်လေးခုချီးမြှင့်သည့်ကာလတွင် ပထမဆုံးအငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ 

၎င်းတို့နှစ်ဦး၏ပွဲစဉ်ကို မူလက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၂၃) ရက်တွင် ထိုးသတ်ရန် စီစဉ်ထားသော်လည်း တိုင်ဆန်ဖျူရီမှာ အောက်တိုဘာလအတွင်း အန်ဂန်နူနှင့်ထိုးသတ်စဉ် ဒဏ်ရာရရှိခဲ့သောကြောင့် ဖေဖော်ဝါရီ (၁၇) ရက်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ 

သို့သော် တိုင်ဆန်ဖျူရီအနေဖြင့် လေ့ကျင့်မှုပြုလုပ်စဉ် ဒဏ်ရာထပ်မံရရှိ ခဲ့သောကြောင့် မေ (၁၈) ရက်သို့ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။ Ring of Fire ဟု အမည်ပေးထားသည့် ယခုပြိုင်ပွဲ၏ Main Card တွင် တွဲဆိုင်းစုစုပေါင်း ခြောက်ပွဲ ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent