ဘောလုံးပွဲများပြန်စရန် ဖြစ်နိုင်ခြေတဖြည်းဖြည်းနည်းလာပြီး ပြင်သစ်၏လမ်းစဉ်အတိုင်း မိမိတို့ လိုက်ရဖွယ်ရှိဟု အီတလီအားကစားဝန်ကြီး ဆို

ဘောလုံးပွဲများပြန်စရန် ဖြစ်နိုင်ခြေတဖြည်းဖြည်းနည်းလာပြီး ပြင်သစ်၏လမ်းစဉ်အတိုင်း မိမိတို့ လိုက်ရဖွယ်ရှိဟု အီတလီအားကစားဝန်ကြီး ဆို
Published 30 April 2020

 

အီတလီနိုင်ငံတွင် ဘောလုံးရာသီပြန်စရန် ဖြစ်နိုင်ခြေမှာ တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ပြီး မိမိတို့အနေဖြင့် ပြင်သစ်နိုင်ငံ၏လမ်းစဉ်အတိုင်း လိုက်ရဖွယ်ရှိသည်ဟု အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက ပြော ကြားခဲ့သည်။ 

ပြီးခဲ့သည့်အင်္ဂါနေ့က ပြင်သစ်ဝန်ကြီးချုပ်သည် ပြင်သစ်နိုင်ငံအတွင်းရှိ အားကစားပြိုင်ပွဲကြီးများမှာ စက်တင်ဘာလအထိ ကျင်းပနိုင်မည်မဟုတ်ဟု အမိန့်ချမှတ်ခဲ့ပြီး ပြင်သစ်လီဂူးပြိုင်ပွဲမှာလည်း ရာသီဖျက်သိမ်းရန် သေချာသလောက် ဖြစ်နေသည်။ 

အီတလီနိုင်ငံတွင်မူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလျော့ကျလာ၍ မကြာမီ ပြိုင်ပွဲများ ပြန်လည်စတင်နိုင်ရန် အီတလီဘောလုံးအသိုင်းအဝိုင်းက ပြင်ဆင်နေပြီး စပါဒါဖိုရာ၏ ပြောစကားကြောင့် ဘောလုံးပွဲများပြန်စနိုင်ရေးမှာ ဇဝေဇဝါ ဖြစ်လာခဲ့သည်။ 

စီးရီးအေအဖွဲ့ချုပ်၊ အီတလီဘောလုံးအဖွဲ့ချုပ်တို့မှာ စီးရီးအေပြိုင်ပွဲ ပြန်စတင်နိုင်ရန် အစွမ်းကုန်ကြိုးစားနေကြပြီး မေလ(၁၈)ရက်မှ စတင်၍ လေ့ကျင့်ရေးအစီအစဉ်များ ပြန်စနိုင်မည် ဖြစ်သည်။

စပါဒါဖိုရာက ''ရ်ိုးရိုးသားသား ပြောရရင် ဘောလုံးပွဲတွေ ပြန်စနိုင်မယ့်လမ်းဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြင်သစ်နိုင်ငံက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့ အီတလီနိုင်ငံအပါအဝင် ဥရောပထိပ်တန်းလိဂ်(၄)ခုကို သူတို့အတိုင်းလိုက်လုပ်ဖို့ တွန်းအားပေးနေသလိုပါပဲ။ ကျွန်တော်သာ အသင်းပိုင်ရှင်တစ်ယောက် ဖြစ်နေမယ်ဆိုရင် နောက်ရာသီအကြောင်း စဉ်းစားနေတော့မှာပါ။ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြန်စခွင့်ပေးမယ်ဆိုတာက ပြိုင်ပွဲ ကို ပြန်စတင်စေမယ်လို့ မဆိုလိုပါဘူး။ အသေအချာတွေးကြည့်ရင်တော့ အသင်းပိုင်ရှင်တွေအနေနဲ့ ရာသီဖျက်သိမ်းခြင်းကို လက်ခံဖို့ အဆင်သင့်ပြင်ထားသင့်ပြီး နောက်ရာသီအတွက် စဉ်းစားနေသင့်ပါပြီ။ ဘောလုံးအဖွဲ့ချုပ်၊ လိဂ်အဖွဲ့ချုပ်တွေနဲ့ စကားပြောပြီး Plan B ကို လုပ်နိုင်ဖို့ ကျွန်တော် စဉ်းစားနေပါတယ်။ သိပ္ပံနည်းကျအကြံဉာဏ်တွေအတိုင်း လိုက်နာပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ရာသီကို ဖျက်သိမ်း၊ မသိမ်းဆိုတာ ဆုံးဖြတ်သွားပါမယ်''ဟု ပြောကြားထားသည်။

 

Most Read

Most Recent