နာမည်အတုများဖြင့် ဗီဇာရက်ချိန်းအမြောက်အမြားရယူပြီး ရောင်းစားသူများရန်မှ ကာကွယ်ရန် အွန်လိုင်းဗီဇာရက်ချိန်းရယူပြီးနောက် ပြန်လည်ပယ်ဖျက်မှုများကို လက်မခံတော့ကြောင်း ထိုင်းသံရုံးထုတ်ပြန်

နာမည်အတုများဖြင့် ဗီဇာရက်ချိန်းအမြောက်အမြားရယူပြီး ရောင်းစားသူများရန်မှ ကာကွယ်ရန် အွန်လိုင်းဗီဇာရက်ချိန်းရယူပြီးနောက် ပြန်လည်ပယ်ဖျက်မှုများကို လက်မခံတော့ကြောင်း ထိုင်းသံရုံးထုတ်ပြန်
Published 7 May 2024

နာမည်အတုများဖြင့် ဗီဇာရက်ချိန်းအမြောက်အမြားရယူပြီး ရောင်းစားသူများရန်မှ ကာကွယ်ရန် အွန်လိုင်းဗီဇာရက်ချိန်းရယူပြီးနောက် ပြန်လည်ပယ်ဖျက်မှုများကို လက်မခံတော့ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။

လတ်တလောတွင် လူတချို့က ပတ်(စ)ပို့နံပါတ်အမျိုးမျိုးနှင့် နာမည်အတုများစွာသုံးလျက် မသမာသည့်နည်းလမ်းများဖြင့် ရက်ချိန်းနေရာများစွာကိုရယူနေသောကြောင့် ရက်ချိန်းနေ့တွင် ရောက်ရှိမလာသည့် ကြိုတင်စာရင်းပေးသူများစွာ ရှိနေကြောင်း၊ ယင်းကြောင့် မသမာသူများ ရက်ချိန်းနေရာအမြောက်အမြားကိုရယူပြီး ရောင်းစားခြင်းမှ ကာကွယ်ရန် မေ ၇ ရက်မှစတင်ပြီး ရက်ချိန်းပယ်ဖျက်မည့်စနစ်ကို ရပ်ဆိုင်းကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

ထို့ပြင် ဗီဇာရက်ချိန်းအတွက် ကြိုတင်စာရင်းပေးနိုင်သည့် ရက်ကိုလည်း ယခင်ရက် ၃၀ အစား ၁၄ ရက်သို့ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် လျှောက်ထားသူများသည် ယခင်ရထားသည့်ရက်ချိန်းကို ပယ်ဖျက်ရန် မဖြစ်နိုင်သည့်အတွက် မိမိယူမည့်ရက်ကို ရက်ချိန်းမယူမီ သေသေချာချာစဉ်းစားဆုံးဖြတ်ရန်လိုအပ်ကြောင်း၊ ရက်ချိန်းအသစ်ကို ယခင်ရထားသည့်ရက်ချိန်းနေ့ကျော်လွန်သွားမှသာ အသစ်ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။

မေ ၇ ရက်မတိုင်မီ လျှောက်ထားသူများသည် ပယ်ဖျက်သည့်ကုဒ် (cancellation code) သို့မဟုတ် အတည်ပြုသည့်အီးမေးတွင်ပါဝင်သော ပယ်ဖျက်သည့်လင့် (cancellation link)ကိုသုံး၍ ရက်ချိန်းကို ပယ်ဖျက်နိုင်ကြောင်း၊ မေ ၇ ရက်နောက်ပိုင်း ကြိုတင်စာရင်းပေးသွင်းသူများသည် ပယ်ဖျက်သည့်ကုဒ် (cancellation code) သို့မဟုတ် ပယ်ဖျက်သည့်လင့် (cancellation link) ပါ လက်ခံရရှိတော့မည်မဟုတ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ထားမှုများလာခြင်းကြောင့် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး အွန်လိုင်းမှ ရက်ချိန်းယူရသည့်စနစ်ကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက စတင်လုပ်ဆောင်ခဲ့သည်။

ယင်းသို့ အွန်လိုင်းစနစ်ဖြင့် စတင်ပြီး တစ်လနီးပါးခန့်အကြာတွင် လူအချို့က ပတ်စ်ပို့နံပါတ်အမျိုးမျိုးကို အသုံးပြုကာ ရက်ချိန်းနေ့ရက်အများအပြား ရယူထားခြင်း၊ ရက်ချိန်းရယူထားသော်လည်း လာရောက်လျှောက်ထားမှုမရှိခြင်း၊ သံရုံးရှေ့တွင် ဝန်ထမ်းအယောင်ဆောင်ကာ ဗီဇာလာရောက်လျှောက်ထားသူများကို ငွေကြေးတောင်းခံခြင်းများရှိသဖြင့် ထိုင်းသံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရသည်။

Most Read

Most Recent