မြဝတီ - မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား ပိတ်ထားဆဲဖြစ်ကြောင်း သိရ

မြဝတီ - မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား ပိတ်ထားဆဲဖြစ်ကြောင်း သိရ
Published 22 April 2024

မြန်မာ - ထိုင်းနယ်စပ် မြဝတီ-မဲဆောက် သောင်ရင်းမြစ်ဖြတ်ကျော် အမှတ် (၁) ချစ်ကြည်ရေးတံတား ဧပြီ ၂၂ ရက်အထိ ပိတ်ထားဆဲဖြစ်သည့်အတွက် ခရီးသွားများ အခက်ကြုံလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အဓိကကူးလူးသွားလာလျက်ရှိသည့် ချစ်ကြည်ရေးတံတာ အမှတ်(၁)မှ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားလာမှုကို ဧပြီ ၂၁ ရက်နံနက်မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မြဝတီဘက်မှ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ (Temporary Boder Pass) လက်မှတ်နှင့် Boder Pass စာအုပ်တို့ဖြင့် ဖြတ်သန်းသွားလာမည့်သူများလည်း ပိတ်ထားသည့်တံခါး အပြင်ဘက်၌  စောင့်ဆိုင်နေကြရပြီး မဲဆောက်မှ မြဝတီဘက်သို့ ဝင်လာသူများကိုသာ တံခါးဖွင့်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် Passport၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်လာသူများကိုသာ ပြန်လည်ဝင်ရောက်ခွင့်ပြုပြီး ထိုင်းနိုင်ငံဘက်သို့ သွားရောက်မည့်သူများကို ခွင့်မပြုကြောင်း သိရသည်။

“အစ်မက ဘန်ကောက်ကနေ မနေ့ကလာခဲ့တာပါ၊ ယနေ့ပြန်သွားရမယ်။ ခုတံတားထိပ်ရောက်တော့ သွားမရတော့ဘူး၊ ဘယ်တော့ဖွင့်ပေးမလဲ မသိသေးလို့ ထိုင်စောင့်နေရတယ်။ ဘာကြောင့်ပိတ်ထားလဲ၊ စစ်ပွဲကြောင့်လား၊ နည်းပညာအားနည်းချက်ကြောင့်လား၊ တစ်ချို့ကလည်း နေပြည်တော်က လှမ်းပိတ်ထားတယ်လို့ပြောတယ်။ တာဝန်ရှိတဲ့သူက ပြည်သူတွေကို ရှင်းပြတာမျိုးတော့မရှိဘူး၊ တံတား ဘယ်တော့ဖွင့်ပေးမလဲဆိုတဲ့မျော်လင့်ချက်နဲ့ စောင့်နေရတာပါ” ဟု ထိုင်းနိုင်ငံဘက်သို့ passport ဖြင့် သွားရောက်မည့်အမျိုးသမီးတစ်ဦးက ပြောသည်။

မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတား ကုန်စည်ပို့ဆောင်ရေးတံတားအနီးတွင် ဧပြီ ၂၀ ရက်နေ့ နံနက်မှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နေ့ရောညပါ လက်နက်ကြီးသံ၊ လေယာဉ်ဗုံးကြဲချသံများကြောင့်  မြဝတီမြို့နေပြည်သူအများအပြား ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်ခဲ့ကြသည်။

Most Read

Most Recent