COVID-19 အရေး မြန်မာကို ဆက်လက်ကူညီမည်ဟု ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံ ၁၇ နိုင်ငံမှ သံအမတ်ကြီးများ ပူးတွဲထုတ်ပြန်

COVID-19 အရေး မြန်မာကို ဆက်လက်ကူညီမည်ဟု ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံ ၁၇ နိုင်ငံမှ သံအမတ်ကြီးများ ပူးတွဲထုတ်ပြန်
Published 2 April 2020
ဉာဏ်လင်းထွန်း

COVID-19 အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်ဟု ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံ ၁၇ နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ဧပြီ ၁ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူရကီ၊ ဗြိတန်၊ အမေရိကန် စသည့် နိုင်ငံ ၁၇ နိုင်ငံမှ သံအမတ်ကြီးများနှင့် ဥရောပသမဂ္ဂမှ သံအမတ်ကြီးတို့၏ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့်သူများအား ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ဟု ဖော်ပြထားသည်။

‘COVID-19 ရောဂါမပြန့်ပွားရေးကို ဆောင်ရွက်နေသည့် သက်ဆိုင်ရာအစုအဖွဲ့များလည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်’ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့အရပ်ရပ်မှ လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အပစ်အခတ်ရပ်စဲရန် မတ် ၂၃ ရက်က ကြေညာချက်ကို သဘောတူထောက်ခံကြောင်း သံအမတ်ကြီးများက ဆိုသည်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တိုက်ပွဲအရှိန်မြှင့်လျက်ရှိပြီး အရပ်သားများ နေရပ်စွန့်ခွာရခြင်း၊ အသက်ဆုံးရှုံးရခြင်းများကို သိရှိရပြီး အခြားသောဒေသများတွင်လည်း ပဋိပက္ခအလားအလာများကို ကြားသိရသည့်အတွက် စိုးရိမ်ကြောင်း သံအမတ်ကြီးများ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုအခါတွင် ကမ္ဘာအရပ်ရပ်မှ နိုင်ငံများအားလုံးအနေဖြင့် COVID-19 ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အတိ ဒုက္ခရောက်နိုင်သည့် အခြေအနေတွင် ရှိနေသူများအား ကာကွယ်စောင့်ရှောက်ရန် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

သို့ရာတွင် စစ်ရေးပဋိပက္ခများသည် စစ်ဘေးကြောင့် ဒုက္ခရောက်နေသူများထံ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို နှောင့်နှေးစေပြီး အကူအညီများကိုလည်း အဟန့်အတားဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ စစ်မက်ဖြစ်ပွားလျက်ရှိသည့် ဒေသများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိရန်မှာ အထူးပင် အရေးကြီးလျက်ရှိပါသည်” ဟု သံအမတ်ကြီးများ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိသားစုများ အကျိုးအတွက် တိုက်ပွဲများ ရပ်တန့်ပေးရန်၊ ပဋိပက္ခများအား ဆွေးနွေး အဖြေရှာရန်၊ အင်တာနက်နှင့် မီဒီယာကန့်သတ်မှုများကို ဖယ်ရှားပေးရန် တိုက်တွန်းမှုများကို ထောက်ခံသည်ဟု တစ်ဆက်တည်း ဖော်ပြထားသည်။

COVID-19 ရောဂါသည် လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်ယုံကြည်မှုနှင့် အခြေအနေ အဆင့်အတန်းမရွေး ကူးစက်နိုင်ပြီး ၎င်းတို့ နိုင်ငံများတွင်လည်း ဗိုင်းရပ်စ်၏ အကျိုးဆက်များကို ကြုံတွေ့ရလျက်ရှိသည်ဟု ဥရောပသမဂ္ဂနှင့် နိုင်ငံ ၁၇ နိုင်ငံမှ သံအမတ်ကြီးများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent