မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၇ သန်းကျော်ရှိလာပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁၈ ဒသမ ၆ သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေ

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၇ သန်းကျော်ရှိလာပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁၈ ဒသမ ၆ သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေ
Published 5 March 2024

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၇ သန်းကျော်ရှိလာပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁၈ ဒသမ ၆ သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။ 

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မတ် ၃ ရက်တွင် ထုတ်ပြန်သည့် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။ 

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိပြီး အခြေခံလိုအပ်ချက်များ ပြည့်မီနိုင်စွမ်းကို ထိခိုက်သည့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ပဋိပက္ခနှင့်မလုံခြုံမှုများ၊ အရပ်သားဘေးကင်းလုံခြုံရေးနှင့်အကာအကွယ်ရရှိမှု အန္တရာယ်များကြားတွင် ရှင်သန်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။ 

ပဋိပက္ခများသည် ရခိုင်ပြည်နယ်၊ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းတို့တွင် ဆိုးရွားသော အခြေအနေများဖြင့် နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသောကြောင့် နေရပ်စွန့်ခွါတိမ်းရှောင်ရမှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် လူဦးရေ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရဆဲ ဖြစ်ကြောင်း UNOCHA က ဆိုသည်။  

ဖေဖော်ဝါရီ ၂၉ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ဈေးကြီးအတွင်းသို့ ကျည်ဆံကျရောက်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလက တကျော့ပြန်ပဋိပက္ခများ ဖြစ်ပွားချိန်ကစတင်၍ ရေလမ်း၊ ကားလမ်းများပိတ်ထားခြင်းကြောင့် စားနပ်ရိက္ခာရှားပါးမှုနှင့် အခြားသောကုန်စည်ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပွားနေသလို မရှိမဖြစ်ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းများ မြင့်တက်နေကြောင်း UNOCHA က ထုတ်ပြန်သည်။  

ဇန်နဝါရီလတွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း မြေမြှုပ်မိုင်းအန္တရာယ်များ၊ လက်နက်ကိုင်အဖွဲ့များမှ တပ်သားသစ်စုဆောင်းမှု၊ သီးခြားတင်းမာမှုများနှင့် သွားလာရေးကန့်သတ်ချက်များသည် ဒေသခံပြည်သူများအတွက် ဘေးအန္တရာယ်များ ရှိနေဆဲဖြစ်ကြောင်း၊  လားရှိုးမြို့မှ ခေတ္တပြောင်းရွှေ့ထားသော ကုလသမဂ္ဂဝန်ထမ်းများသည် လုံခြုံရေးအခြေအနေကောင်းမွန်လာသောကြောင့် မကြာမီ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ကြောင်း UNOCHA က ဆိုသည်။ 

ဖြစ်ပွားဆဲတိုက်ပွဲများ၊ ဘက်ပေါင်းစုံမှ ချမှတ်ထားသော စီမံရေးရာကန့်သတ်ချက်များသည် ဘေးဒဏ်သင့်ပြည်သူများရှိရာသို့ ဝင်ရောက်ပြီး လူမှုကယ်ဆယ်ရေးအကူအညီများဆောင်ရွက်နိုင်ရန်အတွက် အဓိကအတားအဆီးများအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး လူဦးရေ ၃ ဒသမ ၂ သန်းကို အကူအညီများပံ့ပိုးနိုင်ခဲ့သော်လည်း အဆိုပါပံ့ပိုးမှုများသည် ရန်ပုံငွေမပြည့်မှီမှုနှင့် ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များကြောင့် နဂိုမူလစီစဉ်ထားသည့်အတိုင်း ပြည့်ဝအောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း UNOCHA က ထုတ်ပြန်သည်။    

၂၀၂၄ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်နှင့်တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (HNRP) အရ လူမှုကရုဏာလုပ်သားများသည် လူဦးရေ ၅ ဒသမ ၃ သန်းကို ဦးတည်ပြီး လူမှုကယ်ဆယ်ရေးအကူအညီများ ပံ့ပိုးရန်ရည်ရွယ်ထားပြီး အဆိုပါအရေးပေါ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့သော ရန်ပုံငွေပမာဏာ (လိုအပ်သော ရန်ပုံငွေ၏ ၃၇ ရာခိုင်နှုန်းသာ ရရှိခဲ့သည်) အတိုင်းသာ ၂၀၂၄ ခုနှစ်တွင် ရရှိပါက ဘေးဒဏ်သင့်ပြည်သူများအတွက် ကြီးမားသောအခက်အခဲများ ကြုံတွေ့ရမည်ဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent