လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသွားများအားလုံး COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံတွင်း ဆေးကုသခံယူခွင့် အကျုံးဝင်ပြီး အနည်းဆုံး ဒေါ်လာတစ်သိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေးအာမခံပါရှိမှသာ လေယာဉ်စီးနင်းခွင့် ရရှိမည်

လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသွားများအားလုံး COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံတွင်း ဆေးကုသခံယူခွင့် အကျုံးဝင်ပြီး အနည်းဆုံး ဒေါ်လာတစ်သိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေးအာမခံပါရှိမှသာ လေယာဉ်စီးနင်းခွင့် ရရှိမည်
Published 20 March 2020

လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ အပါအဝင် ခရီးသွားများအားလုံး COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံတွင်း ဆေးကုသခံယူခွင့် အကျုံးဝင်ပြီး အနည်းဆုံး ဒေါ်လာတစ်သိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေးအာမခံ ပါရှိမှသာ လေယာဉ်စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

“COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်နဲ့ ကျန်းမာရေးအာမခံပါမှ Boarding Pass ထုတ်ပေးဖို့ လေကြောင်းလိုင်းကို အကြောင်းကြားလာပါတယ်။ ဒါကြောင့်မို့ ခုလောလောဆယ်တော့ ရန်ကုန်-ဘန်ကောက်ကို တစ်နေ့နှစ်ကြိမ် ခရီးစဉ်ပျံသန်းနေရာကနေ တစ်ကြိမ်ပဲ ပျံသန်းတော့မှာပါ။ မတ် ၂၂ ရက်ကနေ ဒီအစီအစဉ်က အကျုံးဝင်ပြီဆိုတော့ မတ် ၂၂ ရက်နောက်ပိုင်းတော့ ခရီးသည်ရရှိမှုပေါ် မူတည်ပြီး ခရီးစဉ်ပျံသန်းတာကို ရပ်ဖို့ စဉ်းစားမယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ ဦးသန်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းပြင် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးမှလည်း ချင်းမိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ သိသာနိုင်ရန် ကြေညာချက်အား ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ချင်းမိုင်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ထိုင်းနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ တစ်ဆင့် ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ (နိုင်ငံခြားသားများအားလုံး) သည် ထွက်ခွာမည့် နိုင်ငံ၏ လေဆိပ်ကောင်တာ၌ Check in ပြုလုပ်နေစဉ်ပင် ခရီးစဉ်မတိုင်မီ ၇၂ နာရီအတွင်း ထုတ်ပေးထားသည့် COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံအတွင်း ဆေးဝါးကုသခွင့် အကျုံးဝင်ပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေးအာမခံ တင်ပြရန် လိုအပ်ကြောင်း၊ အကယ်၍ တင်ပြနိုင်ခြင်းမရှိပါက Boarding Pass ထုတ်ပေးခြင်း မပြုရန်ဖြစ်ပါကြောင်း၊   ကူးစက်ရောဂါ အက်ဥပဒေ (၂၀၁၅) အရ Form T.8 (အမည်၊ နိုင်ငံကူးလက်မှတ်၊ တည်းခိုမည့်လိပ်စာ) ကို ပြည့်စုံစွာ ဖြည့်စွက်ရန်၊ AOT Airports Mobile App မှတစ်ဆင့် ဖြည့်တင်ပြနိုင်ပါကြောင်း၊ ယင်းနောက် ဆောင်ရွက်ထားရှိမှုအား လေဆိပ်ရှိ တာဝန်ရှိပုဂ္ဂိုလ်များထံ တင်ပြရမည် ဖြစ်ကြောင်း ယင်းကန့်သတ်ချက်သည် မတ်လ ၂၂ ရက် ဒေသစံတော်ချိန် ၀၀.၀၀ နာရီအချိန်မှစ၍ အသက်ဝင်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ လေကြောင်းညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားရှိပါကြောင်း  ဖော်ပြထားသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လိုပါက ခရီးစဉ်မတိုင်မီ ၇၂ နာရီအတွင်း ထုတ်ပေးထားသည့်  COVID-19 ကင်းစင်ကြောင်း ဆေးလက်မှတ်နှင့် ထိုင်းနိုင်ငံတွင်း ဆေးကုသခံယူခွင့် အကျုံးဝင်ပြီး အနည်းဆုံး ဒေါ်လာတစ်သိန်း ကုသခံယူခွင့်ရှိသည့် ကျန်းမာရေးအာမခံ တင်ပြရန် ဖြစ်သည်ကို သိရှိနိုင်ရန်နှင့် အိမ်ရှင်အစိုးရ၏ ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ရန် အကြောင်းကြားကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ နယ်စပ်စစ်ဆေးရေးဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်အား ယာယီပိတ်ပင်တားမြစ်ပြီး ပြည်ဝင်ခွင့်ဗီဇာ ရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှသာ ဝင်ရောက်ထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်အရ သိရသည်။

Most Read

Most Recent