နာမည်ကျော် အင်ဒီးယန်းဝဲလ်စ်တင်းနစ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဖျက်သိမ်း

နာမည်ကျော် အင်ဒီးယန်းဝဲလ်စ်တင်းနစ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဖျက်သိမ်း
Published 10 March 2020

 

အင်ဒီးယန်းဝဲလ်စ်တင်းနစ်ပြိုင်ပွဲဟု ထင်ရှားသည့် နာမည်ကျော် BNP Paribas Open ပြိုင်ပွဲကို ရွှေ့ဆိုင်းရန် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း  ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းပြိုင်ပွဲသည် ကမ္ဘာကျော်တင်းနစ်သမားများ ယှဉ်ပြိုင်ကြသည့် မာစတာစ် စီးရီးပွဲစဉ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာ ကြီးမားသလို၊ ဆုကြေးမြင့်သည့် ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သည်။

သို့ဖြစ်ရာ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲမှာ အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးရွှေ့ဆိုင်းရသည့် အားကစားပြိုင်ပွဲဖြစ်လာပြီး ပြန်လည်ကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်ပေးမည်ဖြစ် ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသည် မတ်လ (၁၀)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး နာမည်ကျော်တင်းနစ်သမားများဖြစ်သည့် ဂျိုကိုဗစ်၊ နဒါးလ်စသည့် ကစားသမားများသည် အမေရိကန်သို့ပင် ရောက်ရှိနေပြီးမှ ပြိုင်ပွဲဖျက်သိမ်းကြောင်းကို သိရှိ ကြခြင်းလည်းဖြစ်သည်။ 

ပြိုင်ပွဲကျင်းပရေးကော်မတီက ''၂၀၂၀ BNP Paribas Open တင်းနစ်ပြိုင်ပွဲကို အခုအ ချိန်မှာ ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ပြိုင်ပွဲကို လာအားပေးမယ့် ပရိသတ်တွေအ တွက်ရော၊ ပြိုင်ပွဲဝင်မယ့်ကစားသမားတွေအတွက်ပါ စိုးရိမ်စရာအခြေအနေတွေရှိနေတဲ့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အလားတူပဲ ကယ်လီဖိုးနီးယားပြည်နယ် အစိုးရအဖွဲ့၊ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာနဲ့ ဆေးပ ညာရှင်များအသင်းတို့ရဲ့ တိုက်တွန်းမှုတွေကြောင့်လည်း အခုလို ဆုံးဖြတ်ခဲ့တာပါ''ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာတစ်ဦးဖြစ်သူ နာမည်ကျော် တင်းနစ်ကစားသမားဟောင်း တွမ်မီဟတ်စ်ကလည်း '' ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရတဲ့အတွက် ကျွန်တော်တို့အရမ်း စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ဒေသတွင်းနေထိုင်သူတွေ၊ ပရိသတ်တွေ၊ ကစားသမားတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ စပွန် ဆာတွေ၊ အလုပ်သမားတွေနဲ့ ဆက်စပ်နေသူအားလုံးရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ တခြားနေ့စွဲတစ်ခုခု မှာ ပြောင်းလဲကျင်းပမလား၊ ဒီနှစ်ပြိုင်ပွဲကို လုံးဝဖျက်သိမ်းမလားဆိုတာကိုတော့ စဉ်းစားနေဆဲပါ''ဟုဆိုခဲ့သည်။        

နဒါးလ်ကလည်း Twitter တွင် ''ပြိုင်ပွဲက ဖျက်လိုက်ပြီဖြစ်ပြီး ကျွန်တော်တို့က ဒီမှာ (အမေရိကန်)ပါ။ ဘာ ဆက်လုပ်ရမှန်းလည်းမသိပါဘူး။ ကမ္ဘာကြီးမှာ ဒီလိုတွေ ဖြစ်နေတာ ဝမ်းနည်းစရာပါ။ မကြာမီ အဖြေရှာတွေ့ပြီး၊ အားလုံးကျန်းမာကြပါစေ''ဟု ရေးသားခဲ့သည်။

ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ရေးအတွက် ပြင်ဆင်မှုများစွာပြုလုပ်ထားသော်လည်း ရွှေ့ဆိုင်းရခြင်းဖြစ်ပြီး လက်မှတ်ဖိုးငွေများ ပြန်အမ်းပေးသွားမည်ဖြစ်သည်။

 

Most Read

Most Recent