မြန်မာ့လက်ရွေးစင်ဟောင်းနောက်ခံလူ ဇော်မင်းထွန်း လာမည့်ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် နာခွန်ပသွန်ယူနိုက်တက်အသင်းနှင့် လမ်းခွဲဖွယ်ရှိနေ

မြန်မာ့လက်ရွေးစင်ဟောင်းနောက်ခံလူ ဇော်မင်းထွန်း လာမည့်ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် နာခွန်ပသွန်ယူနိုက်တက်အသင်းနှင့် လမ်းခွဲဖွယ်ရှိနေ
Photo: Nakhon Pathom
Photo: Nakhon Pathom
Published 17 June 2024

မြန်မာ့လက်ရွေးစင်ဟောင်းနောက်ခံလူ ဇော်မင်းထွန်းသည် လာမည့်ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် နာခွန်ပသွန်ယူနိုက်တက်အသင်းနှင့် လမ်းခွဲဖွယ်ရှိနေကြောင်း သိရသည်။

ဇော်မင်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ရာသီ ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ထိုင်းလိဂ်-၁ ကလပ် နာခွန်ပသွန်ယူနိုက်တက်အသင်းထံသို့ တစ်ရာသီခွဲစာချုပ်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော် ဇော်မင်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ရာသီ  ထိုင်းလိဂ်-၁ အမှတ်ပေးပြိုင်ပွဲတွင် နာခွန်ပသွန်ယူနိုက်တက်အသင်းအတွက် နှစ်ပွဲသာကစားခွင့်ရခဲ့ပြီး အချို့သောပွဲအများစုတွင် အရန်စာရင်း၌ပင် မပါဝင်ခဲ့ကြောင်း သိရသည်။

သို့သော် နာခွန်ပသွန်ယူနိုက်တက်အသင်းသည် နောက်ခံလူဇော်မင်းထွန်းကို တစ်ရာသီခွဲစာချုပ် ချုပ်ဆိုထားသောကြောင့် လာမည့် ၂၀၂၄- ၂၀၂၅ ရာသီကုန်အထိ စာချုပ်သက်တမ်းရှိနေမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းထွန်းသည် လက်ရှိအခြေအနေတိုင်းဆိုပါက လာမည့်ရာသီတွင် ပွဲကစားခွင့်ရရေးအတွက်  နာခွန်ပသွန်ယူနိုက်တက်အသင်းနှင့် လမ်းခွဲဖွယ်ရှိပြီး အသင်းပြောင်းရွှေ့ရန်ရှိနေကြောင်း သိရသည်။

ဇော်မင်းထွန်းသည် ၂၀၁၉ ခုနှစ်ကတည်းက ပြည်ပကလပ်များတွင် သွားရောက်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထိုင်းကလပ် ချောင်ဘူရီအသင်း၊ ၂၀၂၀-၂၀၂၁ ရာသီတွင် ထိုင်းလိဂ်ကလပ် ဆူခိုထိုင်းအသင်း၊ ၂၀၂၁-၂၀၂၂ ရာသီတွင် ထိုင်းကလပ် ထရတ်အသင်း၊ ၂၀၂၂ ရာသီတွင် ထိုင်းကလပ် ချောင်ဘူရီအသင်း၊ ၂၀၂၃ ခုနှစ်တွင် မလေးရှားကလပ် ပီနန်းအသင်းတို့တွင် ကစားခဲ့ပြီး ၂၀၂၃ မလေးရှားစူပါလိဂ်ပြိုင်ပွဲအပြီးတွင် ထိုင်းကလပ် နာခွန်ပသွန်ယူနိုက်တက်အသင်းထံသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

ဇော်မင်းထွန်း၏ နာခွန်ပသွန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ရာသီ  ထိုင်းလိဂ်-၁ အမှတ်ပေးပြိုင်ပွဲအပြီးတွင်  ပွဲ(၃၀) ကစား၊ (၈) ပွဲနိုင်၊ (၉) ပွဲသရေ၊ (၁၃) ပွဲရှုံး၊ ရမှတ်(၃၃) မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၂) နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

ဇော်မင်းထွန်းသည် လက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်းကို ၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ၂၀၂၂ နိုဝင်ဘာအတွင်းက ကြေညာခဲ့သည်။

 

Most Read

Most Recent