ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးမတိုင်မီ မူဘောင်အသစ်ဖြင့် ကျင်းပမည့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြဿနာမရှိနိုင်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးမတိုင်မီ မူဘောင်အသစ်ဖြင့် ကျင်းပမည့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြဿနာမရှိနိုင်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 20 January 2020
မင်းနိုင်စိုး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး မတိုင်မီ မူဘောင်အသစ်ဖြင့် ကျင်းပမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ ပြဿနာ မရှိနိုင်ကြောင်း NCA-SEAO အစုအဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ NCA-SEAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် အသစ်ပြင်ဆင်ထားသော နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်အရ NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး လူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။

လက်ရှိအချိန်တွင် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိနေပြီး အဆိုပါ ၁၀ ဖွဲ့အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ၎င်းတို့ ဦးဆောင်ကျင်းပရမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများအား ကျင်းပနိုင်ခြင်း မရှိသေးပေ။

“အခုကတော့ ရခိုင်နဲ့ ရှမ်းပေါ့ဗျာ။ သဘောကတော့ အဲဒီလို အနေအထားရှိတယ်။ နောက်လားဟူလည်း ရှိမယ်။ ဒါပေမဲ့ လားဟူကျတော့ သူ့အခင်းအကျင်းက တစ်မျိုးဖြစ်တယ်။ အခုက မူဘောင်က မူဘောင် အသစ်နဲ့ သွားမယ့်အနေအထားရှိတယ်။ ဒါကြောင့် မူဘောင်အသစ်ကျတော့ အပေါ်ကနေ အောက်ကိုသွားမယ့် အနေအထား  Top Down ပေါ့နော်။ အဲဒီလို အနေအထားဆိုတော့ ဒီတစ်ခေါက်တော့ ပြဿနာမရှိလောက် တော့ဘူး”ဟု PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အနေဖြင့် ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများအား ကျင်းပနိုင်ရန် အစိုးရ၊ တပ်မတော်နှင့် RCSS တို့အကြား သဘောတူညီမှုများ ရရှိခဲ့သော်လည်း အဆိုပါ ဆွေးနွေးပွဲအား ကျင်းပမည့်နေရာနှင့် အဆိုပါဆွေးနွေး ပွဲသို့ တက်ရောက်မည့် လူဦးရေနှင့်ပတ်သက်၍ တပ်မတော်၏ ကန့်သတ်မှုကို ခံခဲ့ရ သည့်အတွက် ၎င်းတို့အနေဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသေးဘဲဖြစ်နေပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ကမူ ရခိုင်ပြည်နယ်တွင် ၎င်းတို့ အခြေချစခန်းမရှိ သည့်အတွက် ၎င်းတို့၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ခြင်း ဖြစ်သည်။

ယခုအခါ အသစ်ပြင်ဆင်ထားသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဦးဆောင်ကျင်းပရမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အကြောင်းအရာများကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကဲ့သို့သော လုပ်ငန်းကော်မတီများတွင် သေချာဆွေးနွေးညှိနှိုင်းပြီးမှသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ကျင်းပမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“ဆိုလိုတဲ့ သဘောက ဆွေးနွေးမယ့်အကြောင်းအရာတွေ ဘာတွေက ကျွန်တော်တို့ UPDJC တို့၊ လုပ်ငန်းကော်မတီတို့က သေချာ လုပ်ထားပြီးသား။ ပြီးမှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်သွားမယ့်အနေအထားဆိုတော့ ဘာမှ သိပ်အခက်အခဲမရှိတဲ့ အနေအထားဖြစ်တယ်လို့ပဲ မြင်တယ်လေ။ အရင်ကတော့ အောက်ကနေ တက်လာတာပေါ့ဗျာ။ အောက်ကနေတက်လာတော့ သဘောကတော့ဗျာ NCA နဲ့လည်း ကိုက်ညီ ခြင်းမရှိတဲ့ စာတမ်းမျိုးတို့ ဘာတို့ ပါလာနိုင်တဲ့ အနေအထားမျိုး ရှိလို့ပါ။ အခုနောက်ပိုင်း ကျတော့ အားလုံးက သဘောတူညီထားတဲ့ အကြောင်းအရာတွေလောက်ပဲ ကျွန်တော် တို့က ဆွေးနွေးချပြမယ့် အနေအထားဖြစ်တာပေါ့”ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြော ကြားသည်။

ယခုလကုန်ပိုင်းတွင် အစိုးရ၊ တပ်မတော် နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေး တွင် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ အကြောင်းအရာကိုလည်း အကြောင်းအရာကြီးတစ်ခုအနေဖြင့် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

 အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကို ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲနှင့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟူ၍ ခေါင်းစဉ်သုံးမျိုးဖြင့် ကျင်းပရခြင်းဖြစ်ပြီး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဦးဆောင်ကျင်းပရခြင်း ဖြစ်သည်။

Most Read

Most Recent