အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ရှိပြီး နိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်နေဟု AAPP အစီရင်ခံစာ ထုတ်ပြန်

အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ရှိပြီး နိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်နေဟု AAPP အစီရင်ခံစာ ထုတ်ပြန်
ဒီဇင်ဘာ ၁၁ ရက်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
ဒီဇင်ဘာ ၁၁ ရက်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 18 December 2019
ဉာဏ်လင်းထွန်း

နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားသည် နိုဝင်ဘာလကုန်အထိ ၈၀ ရှိပြီး ဒီဇင်ဘာအတွင်း ခြောက်ဦး ပြန်လည် လွတ်မြောက်လာသည့်အတွက် အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ရှိကာ နိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် ထောင်တွင်း၊ ထောင်ပြင် တရားရင်ဆိုင်နေရသူများ ပါဝင်မည်ဆိုပါက စုစုပေါင်း ၆၆၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သော အခြေအနေများကြောင့် နိုင်ငံအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေသည် စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိနေသည်ဟု AAPP  ၏ နိုဝင်ဘာလအစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင် တွင်း၊ ထောင်ပြင် တရားရင်ဆိုင်နေရသူများ စာရင်းကို လစဉ် အစီရင်ခံစာ ထုတ်ပြန်လေ့ရှိသည့် AAPP ၏ အောက်တိုဘာလ အစီ ရင်ခံစာတွင် နိုင်ငံရေးအကျဉ်းသား ၅၉ ဦးရှိ ကြောင်း ဖော်ပြထားသည့်အတွက် နိုဝင် ဘာလကုန်တွင် နိုင်ငံရေးအကျဉ်းသား ၂၁ ဦး တိုးလာသည်ဟု ဆိုနိုင်ကြောင်း AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြား သည်။

နိုဝင်ဘာလကုန်တွင် နိုင်ငံရေးအကျဉ်းသား ၈၀ ၊ ထောင်အတွင်းမှ တရားရင်ဆိုင်နေရသည့် တက်ကြွလှုပ်ရှားသူ ဦးရေ ၁၈၀၊ ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၇၃ ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။ 

နိုဝင်ဘာလအတွင်း စုစုပေါင်း ၃၅ ဦး အမှုဖွင့် တရားစွဲဆိုခံရပြီး ထို ၃၅ ဦးတွင် တက်ကြွလှုပ်ရှားသူ လေးဦးနှင့် အလုပ်သမားသည် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ရခိုင်ပြည်နယ်မှ အရပ်သား ၂၃ ဦးသည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် တက်ကြွလှုပ်ရှားသူ သုံးဦးသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း AAPP အစီရင်ခံစာအရ သိရသည်။

နိုဝင်ဘာလအတွင်း ဖမ်းဆီးခြင်းခံရသူ ၄၁ ဦးရှိသည့်အနက် ၃၆ ဦးသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ဖြစ်ကာ ငါးဦးသည် တက်ကြွလှုပ်ရှားသူများ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

နိုဝင်ဘာလအတွင်း ပြစ်ဒဏ်ချခံရသူ ၃၈ ဦးတွင် တက်ကြွလှုပ်ရှားသူများ၊ နာဂ လက်နက်ကိုင်အဖွဲ့ (NSCN-K) ခေါင်းဆောင်ဟောင်း ငါးဦးနှင့် အဖွဲ့ဝင်ခြောက်ဦး၊ ကရင်နီလူငယ် ခြောက်ဦးနှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနစ်ဦး၊ ရှေ့နေတစ်ဦး နှင့် ဇွဲအငြိမ့်အဖွဲ့မှ လူရွှင်တော်ငါးဦးတို့ ပါဝင်ကြောင်း AAPP က ထုတ်ပြန်သည်။

အဆိုပါ တရားစွဲဆိုမှုများသည် အစိုးရ နှင့် တပ်မတော် နှစ်ခုစလုံးမှဖြစ်ပြီး ထိုသို့ တရားစွဲဆိုမှုများက ဒီမိုကရေစီလမ်းကြောင်းအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်စေသည်ဟု ဦးအောင်မျိုးကျော်က ပြောကြားသည်။

“အခုနောက်ပိုင်း ၅၀၅ (က) နဲ့ ဆွဲတာတွေလည်း များလာတယ်။ သံချပ်အဖွဲ့တွေကို ထောင်ချတဲ့ကိစ္စတွေ။ အဓိကကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းတာတွေ ပြစ်ဒဏ််ချတာတွေက တစ်ဖြည်းဖြည်းနဲ့ များလာတယ်။ ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးသောကြောင့် ဗကသအဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော် အပါအဝင် အလုပ်သမားခေါင်းဆောင်၊ တက်ကြွလှုပ်ရှားသူအချို့ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

လက်ရှိ ဖြစ်စဉ်များအရ ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး) ဥပဒေနှင့် ရာဇသတ်ကြီး ဥပဒေပါ ပုဒ်မအချို့တို့သည် ပြည်သူကို အကာအကွယ် မပေးဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့်အတွက် ယင်းဥပဒေများကို မဖြစ်မနေပြင်ဆင်ရန် လိုအပ်သည်ဟု ဥပဒေပညာရှင်အချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများက မှတ်ချက်ပြုကြသည်။                                        

Most Read

Most Recent