TOYOTA Land Cruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိစေရေးကိစ္စ ပြည်ထောင်စုလွှတ်တော် အတည်ပြု

TOYOTA Land Cruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိစေရေးကိစ္စ ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 17 December 2019
စည်သူ၊ အောင်မင်းသိန်း

TOYOTA Land Cruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိစေရေးကိစ္စအား ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲအတည်ပြုခဲ့ကြောင်း သိရသည်။

အထက်ပါကိစ္စအား ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် စတင်တင်သွင်းပြီး ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းကာ လွှတ်တော်အဆုံးအဖြတ်ကို ရယူ၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် အဆုံးအဖြတ် ရယူရာတွင် စက်ခလုတ်နှိပ် အသုံးပြုသောနည်းဖြင့် သဘောထားရယူခဲ့ခြင်း ဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၅၉၆ ဦးတွင် ထောက်ခံမဲ ၃၅၉ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁၈၈ မဲနှင့် ကြားနေမဲ သုံးမဲ ရှိခဲ့သောကြောင့် အတည်ပြုရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

TOYOTA Land Cruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီး ဝယ်ယူခြင်းဖြင့် နိုင်ငံတော်အကြီးအကဲများ၏ ပြည်တွင်းခရီးစဉ်များ၌ လုံခြုံစိတ်ချမှုနှင့် အန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ခြင်း အပါအဝင် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ပြည်တွင်း ခရီးစဉ်များတွင်လည်း နိုင်ငံတော်ဧည့်ယာဉ်အဖြစ် အသုံးပြုနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းစဉ် ပြောကြားသည်။ 

“ယင်းသို့ ဝယ်ယူခြင်းဖြင့် နိုင်ငံတော်အကြီးအကဲများရဲ့ ပြည်တွင်းခရီးစဉ်များ သွားလာရာတွင် လုံခြုံစိတ်ချမှုရှိစွာနှင့် အန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့ အသုံးပြုနိုင်ခြင်း၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များရဲ့ ပြည်တွင်းခရီးစဉ်များတွင်လည်း နိုင်ငံတော်ဧည့်ယာဉ်အဖြစ် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူမယ့် မော်တော်ယာဉ်အမျိုးအစားဟာ TOYOTA Land Cruiser (Bullet Proof) ၂၀၁၉ နှင့် ၂၀၂၀ တို့ဖြစ်ပြီးတော့ စုစုပေါင်း ခြောက်စီး ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ် ခြောက်စီးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းစစ်နှင့် စစ်ဆေးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဘဏ္ဍာရန်ပုံငွေ ကျပ် ၁၂၄၉ ဒသမ ၉၉၈ သန်း ခွင့်ပြုထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။ 

အထက်ပါ မော်တော်ယာဉ် ခြောက်စီးကို ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီမှ ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုး (CIF Yangon) စျေးနှုန်းဖြင့် တိုက်ရိုက်မှာယူသည့် စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၉၂ သိန်းဖြစ်ပြီး အထူးကုန်စည်ခွန် အဖြစ် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁  ပါ ပြဋ္ဌာန်းချက်အရ ကုန်းပေါ်ရောက် တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြစ်သည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၉၆ သိန်း ကျသင့်မည် ဖြစ်ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ယင်းဥပဒေပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်အရ အထူးကုန်စည်ခွန် အပါအဝင် ဖြစ်သော ကုန်းပေါ်ရောက် တန်ဖိုး၏  ငါးရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၅၁၉ သိန်း ကျသင့်မည် ဖြစ်ပြီး စုစုပေါင်း အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၃၁၅ သိန်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များနှင့်အညီ မော်တော်ယာဉ် ခြောက်စီးအတွက် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိရေးအတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် (၁၅/၂၀၁၉) ပြည်ထောင်စု အစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေး၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သည့် (၂၂/၂၀၁၉) ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးများသို့ တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဝယ်ယူမည့် TOYOTA Land Cruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီး ဝယ်ယူတင်သွင်းရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန် ၃ ဒသမ ၆၇၉၆ သိန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၅၁၉ သိန်းတို့ကို ကင်းလွတ်ခွင့် ရရှိနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ (က) က နောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် (၉) ပါ ပြဋ္ဌာန်းချက်အရ လွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ရန် တင်ပြခဲ့ခြင်း ဖြစ်သည်။