တို့ဆေး တကယ်ရှိသလား

တို့ဆေး တကယ်ရှိသလား
တို့ဆေး သက်ရောက်မှုမရှိစေရန် အဆောင်အဖြစ် မိဘများက ထည့်ပေးလိုက်သော သံပရာသီးများကို ကိုင်ဆောင်ထားသည့် ကျောင်းသူလေးများအား YBS ယာဉ်တစ်စီးပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ- ဆန်းမိုးထွန်း)
တို့ဆေး သက်ရောက်မှုမရှိစေရန် အဆောင်အဖြစ် မိဘများက ထည့်ပေးလိုက်သော သံပရာသီးများကို ကိုင်ဆောင်ထားသည့် ကျောင်းသူလေးများအား YBS ယာဉ်တစ်စီးပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ- ဆန်းမိုးထွန်း)
Published 9 December 2019
  အိသဥ္ဇာကျော်

“ ကလေးစာပေပွဲတော်သွား။ ပြန်လာပြီး အိမ်မှာ ခဏနားပြီး မီးပူတိုက်နေချိန်မှာ ဘဲလ်သံကြားလို့ ဖွင့်ကြည့်တော့ ညီမရဲ့သား TTC မှာ ကျောင်းတက်တဲ့ တူလေးဖြစ်နေတယ်။ သူက ရှစ်တန်းပေါ့။ သားရေ ဘာဖြစ်လို့ အိမ်မပြန်လဲမေးတော့ သား ခေါင်းအရမ်းမူးပြီး မဟန်နိုင်တော့လို့ ကားပေါ်က အမြန်ဆင်းခဲ့တာ။ သူက ခါတိုင်းလည်း လိုင်းကားစီးပြီး ပြန်နေကျ။ သူ့အမေက မှတ်တိုင်မှာ စောင့်ကြိုတာ။ အသွားမှာတော့ အဖေက ဝင်ပို့တာလေ။ ကျောင်းကအပြန် ဆင်ရေတွင်း မှတ်တိုင်ရောက်တော့ မိန်းမတစ်ယောက် အနားကပ်လာပြီး လက်မောင်းမှာ စူးခနဲ ဖြစ်သွားတယ်။ မကြာဘူး။ သားလည်း နည်းနည်း မူးလာတယ်။ ဒါနဲ့  အမေကြိုနေတဲ့ မှတ်တိုင်ရောက်အောင် မသွားနိုင်တော့ ကြီးကြီးအိမ်မှာ ဆင်းလိုက်တာတဲ့”

ဒါကတော့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အကောင့်ပိုင်ရှင် Daw Moe Moe Thet က ဒီဇင်ဘာ ၃ ရက်က ရေးသားထားတဲ့ တို့ဆေးမိခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။ 

ဒါ့အပြင် သာကေတမြို့နယ်မှာ တို့ဆေးမိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး  Ei Thandar Aung ဆိုတဲ့ အကောင့်ပိုင်ရှင်က ဒီဇင်ဘာ  ၃ ရက်မှာပဲ ထပ်မံ ရေးသားထားတာကို တွေ့ရပါတယ်။

“ကိုယ်တွေလမ်းမှာတင် ဖြစ်သွားတာပါ။ ၁၀ တန်း ကောင်မလေး တစ်ယောက်ကို တို့ဆေးနဲ့ သူ့လက်ကို ရိုက်လိုက်တာတဲ့။ ပြီးတော့ မူးလဲကျမလို ဖြစ်နေပြီး မုန့်ဆိုင်ထဲ ဝင်ပြေးပြီး ပြောပြလို့ တော်သေးတယ် ။ မပါသွားတာ။ ရပ်ကွက်ကလူတွေ ၀ိုင်းလိုက်ကြတာ။ မိခါနီးမှ လွတ်သွားတယ်။ သူတို့က အဖွဲ့လိုက် လာကြတာပါ။ တစ်ခါတည်း မူးလဲရင် တင်ဖို့ကားပါ ပါကြတယ်။ တစ်ယောက်တည်း ဖမ်းမိတယ်တဲ့။ လိုက်နေကြတယ် ရဲတွေအကုန်။ မြန်မြန်ဖမ်းမိပါစေ” လို့ သူက ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကလည်း သာကေတမြို့နယ် Capital  နားက မှတ်တိုင်နားမှာ လူတစ်စုက အမျိုးသမီးတစ်ဦးကို  အတင်းခေါ်နေကြောင်း၊ အမျိုးသမီးကလည်း ကြောင်ပြီး လက်စွပ်တွေ၊ ဆွဲကြိုးတွေ ချွတ်ပေးနေကြောင်း၊ နောက်ပိုင်းမှာ ရဲတွေ ရောက်လာလို့ဆိုပြီး အဲဒီလူတွေက ထွက်သွားကြကြောင်း၊ အမျိုးသမီးအနေနဲ့ သူ့အနားကို လူတွေရောက်လာမှ သတိပြန်ရပြီး သူ့ဆွဲကြိုး လက်စွပ်တွေ ပြန်ပေးဖို့ ငိုယို ပြောဆိုနေကြောင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ သာကေတမြို့နယ်မှာနေထိုင်တဲ့ ကိုမြင့်သူက ပြန်ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း လူပျောက်တာတွေ၊ တို့ဆေးမိတာတွေ၊ လူကုန်ကူး ခံရတာတွေကို အွန်လိုင်းပေါ်မှာ မကြာခဏ တွေ့မြင်နေရပြီး မြို့နေလူထုအကြား စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အဲဒီဖြစ်စဉ်တွေက အထူးသဖြင့် ရန်ကုန်မြို့နေ လူထုအကြားမှာ ရေပန်းစားနေပြီး စိုးရိမ်စရာကိစ္စအဖြစ် ပြောဆိုမှုတွေလည်း ရှိလာပါတယ်။ 

တို့ဆေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူ အင်းစိန်မြို့နယ်နေ မအင်ကြင်း က “ဖြစ်တဲ့နေရာက ဗဟန်း ရွှေတိဂုံဘုရားနားမှာပါ။ ညီမက ၁၁ ကား စီးလာတာပါ။ ကားပေါ်တက်ပြီး နေရာရတော့ ကား ဘယ်ဘက်ခြမ်းက တစ်ယောက်ထိုင်ခုံမှာ ထိုင်ပါတယ်။ ရွှေတိဂုံဘုရားမှာ တစ်ဂိတ်ကျော်လောက်ရှိတော့ လူတွေ အဆင်းအတက် ရှိတယ်။ အဲဒီအချိန် ညီမအနားကို အမျိုးသမီး တစ်ယောက် ရောက်လာတယ်။ သူက အထုပ်အပိုးတွေနဲ့ လက်တစ်ဖက်မှာ လက်ကိုင်ပဝါ ပါတယ်။  ညီမက သူ့ကို သတိထားမိလိုက်တာ သူက နောက်ကျောကနေ ညီမလည်ပင်းက ဆွဲကြိုးကို လာထိတာ။ ညီမကသိတော့ ဆွဲကြိုးကို ပြန်ဆွဲထားလိုက်တယ်။ အဲဒီမှာ သူက ပေါင်ဒါလို အမှုန့်ဖြူတွေ လိမ်းထားတာ။  တစ်ကိုယ်လုံး မျက်နှာပါမကျန် သနပ်ခါးတွေနဲ့။ သနပ်ခါးတွေပေါ်မှာမှ ပေါင်ဒါတွေ လိမ်းထားတော့ ညီမကိုယ်ပေါ် အဲဒီပေါင်ဒါတွေက ခါချလိုက်သလိုပဲ ။ ပြီးတော့ လက်ကို လာပုတ်ပြီး နေရာဖယ်ပေးတဲ့။ အဲဒီမှာ ညီမ သတိမရတော့ဘူး။ ညီမသတိရတဲ့အချိန် ကားလမ်းမပေါ်မှာ တစ်ယောက်တည်း ငိုနေတာ။  ညီမ နာမည်လည်း မမှတ်မိတော့ဘူး။ ငိုနေတာကနေ သတိပြန်ရဖို့ သုံးနာရီလောက် ကြာတယ်။ ညီမ ၁၁ ကားပေါ်က ဆင်းတာလည်း မမှတ်မိတော့ဘူး။ ဆွဲကြိုးက ပြတ်သွားပေမယ့် ညီမလက်ထဲမှာ တင်းတင်းဆုပ်ထားတော့ ကျန်နေခဲ့တယ်။ ပိုက်ဆံနှစ်သောင်းနဲ့ ငွေဖြည့်ကတ် ပြီးတော့ Game City ဆော့တဲ့ ကတ်တွေရယ် ထီးတစ်လက်၊ နာရီပါသွားတယ်” လို့ သူမကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် တို့ဆေး တကယ်ရှိသလား ဆိုပြီး လတ်တလောမှာ အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ သုံးသပ်မှုအမျိုးမျိုး ရှိလာပါတယ်။

ဒီလို တို့ဆေးနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိနေချိန်မှာ ဆေးပညာ အသိုင်းအဝိုင်းကလည်း သုံးသပ်ဝေဖန်မှုတွေ ရှိလာပါတယ်။

ဒီတို့ဆေးကိစ္စနဲ့ ပတ်သက်ပြီး Pyae phyokyaw Jt ဆိုတဲ့ အကောင့်ပိုင်ရှင်က “တို့ ဆေးဝယ်ချင်ပါသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့အမြင်ကို ဆေးပညာရှုထောင့်က ရေးသားပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။  ဒီပို့စ်နဲ့ ပတ်သက်လို့ လက်ခံသူရှိသလို လက်မခံသူတွေကလည်း သူ့ပို့စ်အောက်မှာ သဘောထား ထင်မြင်ချက်တွေ ပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။

တို့ဆေးနဲ့ ပတ်သက်လို့ သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာနန္ဒဝင်း (ဆေး-၁) က “ကျွန်တော်သိတာတော့ တချို့တွေ သုံးနေတဲ့ တို့ဆေးဆိုတာ အပ်သေးသေးလေးထဲမှာ စိတ်ကို ပြောင်းလဲစေတတ်တဲ့ဆေး ထိုးထိုးပြီးချင်းမှာ ကြောင်တောင်တောင်ဖြစ်သွားတဲ့ ဟာမျိုးပေါ့။ ဆေးပညာအရ ကတ်တမင်းလို ဟာမျိုးကို မေ့ဆေးမှာ သုံးတာပေါ့။ ဒီလိုဆေးမျိုးကို အပ်သေးသေးလေးထဲ ထည့်ပြီး လူကို လှမ်းပုတ်သလို ပုတ်ပြီး ထိုးလိုက်တာမျိုးတော့ ကြားဖူးတယ်။ ဒါကလည်း ကြားဖူးတဲ့အတိုင်း ပြောတာပေါ့။ ကျွန်တော် သိသလောက်ကတော့ လူတစ်ယောက်ကို လှမ်းပုတ်လိုက်ရုံနဲ့တော့ ကြောင်တောင်တောင် ဖြစ်သွားတယ် ဆိုတာတော့ မဟုတ်ဘူးထင်တယ်။ ဆေးပညာအရဆိုရင်တော့ အင်ဆူလင် ထိုးသလို ဆေးထိုးအပ် သေးသေးလေးထဲ ကတ်တမင်းကို ပမာဏနည်းနည်း ထည့်ထိုးရင်တော့ မပြောတတ်ဘူးလေ။  စိတ်ကို ပြောင်းလဲစေတဲ့ ဆေးတစ်မျိုးမျိုးကို အပ်ထဲထည့်ပြီး လှမ်းထိုးလိုက်လို့ ဝေဝေ၀ါးဝါး ဖြစ်သွားတာမျိုးလည်း ဖြစ်သွားနိုင်တဲ့ သဘောပေါ့။ အသေအချာတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါက ကျွန်တော် စဉ်းစားမိသလောက် ပြောပြတာပါ” လို့ သူ့အမြင်ကို ပြောပါတယ်။ 

တို့ဆေး တကယ် ရှိ မရှိ သေချာမသိပေမဲ့ ကတ်တမင်းလို မေ့ဆေးမျိုးကို အပ်နဲ့ အသားထဲ ထိုးသွင်းပါက မေ့သွားနိုင်ကြောင်း၊ အပြင်မှာ ပြောနေသလိုမျိုး လက်နဲ့ ပုတ်တာမျိုးလောက်နဲ့ ခိုင်းချင်တာ ခိုင်းလို့ရတယ်ဆိုတာ မဖြစ်နိုင်ကြောင်း  အလုပ်သမားဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာ တင်မင်းထွန်းက ဆိုပါတယ်။

“တို့ဆေးလို့ လူတွေပြောနေတဲ့ ကတ်တမင်းက မေ့ဆေးတစ်မျိုးပါ။ နယ်တွေမှာဆို အရမ်းအသုံး များပါတယ်။ တခြားမေ့ဆေးတွေနဲ့ ယှဉ်ရင် အန္တရာယ်ကင်းကင်းနဲ့ သုံးလို့ရတယ်။ တို့ဆေး တကယ် ရှိ မရှိတော့ ကျွန်တော် သေချာ မပြောတတ်ဘူး။ ဒါပေမဲ့ ကတ်တမင်းကို တိရစ္ဆာန်ဆေးကုဆရာဝန်တွေ ဆေးထိုးသလိုမျိုး ဖျတ်ခနဲ ထိုးလိုက်တာနဲ့ ဆေးကဝင်သွားပြီး အာနိသင်ရှိတာလည်း ဖြစ်နိုင်တယ်လေ။ ဒုစရိုက်သမားတွေ အနေနဲ့က သေချာ လေ့ကျင့်ထားပြီး အနားကပ်ပြီး ထိုးလိုက်ရင် ရမယ်လို့ ထင်တယ်။ အပြင်မှာ ပြောနေသလို ပုတ်လိုက်ရုံနဲ့ ၊ လက်ကိုင်ပဝါနဲ့ အုပ်လိုက်ရုံနဲ့ ခိုင်းတာလုပ်တယ်တို့ မေ့လဲသွားတယ်တို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ဆေးထိုးအပ်နဲ့ ထိုးလို့ ခန္ဓာကိုယ်ထဲ ဝင်သွားလို့ မူးသွားတယ်။ ရီဝေဝေ ဖြစ်သွားတယ် ဆိုရင်တော့ လက်ခံပါတယ်” လို့ ဒေါက်တာ တင်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ဒေါက်တာမျိုးဆက်သွေး (ပြည်သူ့ကျန်းမာရေး) ကလည်း “  ကျွန်တော်တို့ ဆေးပညာမှာတော့ မေ့ဆေးလိုဟာမျိုး စိတ်ကို ရီဝေဝေ ဖြစ်သွားစေတဲ့ အငွေ့ဆေးလို ဟာမျိုးတွေလည်း ရှိတယ်။ ဒီဆေးတွေက သတိမေ့သွားတာမျိုး မဟုတ်ရင်တောင် လူကို ဝေဝေ၀ါးဝါး ဖြစ်သွားစေနိုင်တဲ့ ဆေးမျိုးတွေပေါ့။ အဲဒီလို ဆေးမျိုးတွေကလည်း တို့လိုက်ရုံနဲ့တော့ ကြောင်တောင်တောင် ဖြစ်သွားတာမျိုးတော့လည်း မဟုတ်ဘူး။ အခု ခေတ်စားနေတဲ့ တို့ဆေး ဆိုတာမျိုးက ဘာလဲဆိုတာတော့ အသေအချာတော့ မသိဘူး။ နားမလည်ဘူး။ ကျွန်တော်တို့ အနောက်တိုင်း ဆေးပညာမှာတော့ တို့ဆေးဆိုတာ မရှိဘူး။ ဒါသည် အနောက်တိုင်းဆေးပညာ မဟုတ်တဲ့ အခြားဆေးပညာတွေလည်း ရှိနေတာဆိုတော့ အဲဒါတွေလည်း ဖြစ်ချင် ဖြစ်နေနိုင်တာပေါ့။ ဒါနဲ့ ပတ်သက်လို့ သေချာတော့ နားမလည်ဘူး။ တို့လိုက်ရုံနဲ့ မေ့သွားတာမျိုး ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ဒီလိုမှမဟုတ်ဘဲ အရေပြားထဲ ထိုးသွင်းလိုက်တာ အသက်ရှူလမ်းကြောင်းက တစ်ဆင့် ဆေးဝင်သွားလို့ ရီဝေဝေ ဖြစ်သွားတာမျိုးဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါတွေ ဆိုရင်တောင် သိပ်တော့ မလွယ်လှဘူး” လို့ သူ့အမြင်ကို ပြောပါတယ်။

ကတ်တမင်း (Ketamine) ဟာ အထူးထိန်းချုပ်ဆေးဝါး အမျိုးနွယ်ဝင်ဖြစ်ပြီး ဆေးပညာအရ ခွဲစိတ်ခန်းတွေမှာ မေ့ဆေးအနေနဲ့ သုံးစွဲတဲ့ ဆေးဝါးတစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ကတ်တမင်းကို အသုံးပြုရင် အာရုံစူးစိုက်မှု လျော့နည်းတာ၊ အိပ်ချင်မူးတူး ဖြစ်တာ၊ မူးဝေတာ၊ မအီမသာပျို့အန်တာ၊ အမြင်ဝေ၀ါးလာတာ၊ သတိလစ်တာ၊ နှလုံးခုန်နှုန်း နှေးကွေးတာမျိုးတွေ ဖြစ်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

တို့ဆေးနဲ့ ပတ်သက်ပြီး ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ မြဝတ်ရည်ကတော့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရှင်းလင်းရာမှာ “ကတ်တမင်း ထိုးလိုက်ရင် လူနာက အိပ်သွားတာ။ ဂယောင်ချောက်ချားတွေ ပြောတော့တာ၊ သူ့ကို မျက်လုံးဖွင့်လျက်ကြီးနဲ့ ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး ခိုင်းရလောက်အောင် လုပ်လို့မရဘူး။ အဲဒါဆိုရင် မေ့ဆေးဆရာဝန်တွေ အကြိုက်ပေါ့။ သူမျက်လုံးကြီး ဖွင့်ထားပြီး ကဲ ငြိမ်ငြိမ်နေနော်။ ခွဲနေမှာနော်။ ဆေးကို ဒီလောက်ပဲ သုံးချင်တာနော်။ နာနေလည်း မအော်နဲ့။ အဲဒီလိုပြောလို့ရကြေးသာဆိုရင် ဆေးတွေအများကြီး သုံးစရာမလိုဘူးလေ” လို့ ပါရှိပါတယ်။ 

အထူးထိန်းချုပ်ဆေးဝါးဆိုတာ  ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ၂၀၀၂ ခုနှစ် ဇွန် ၂၁ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂/၂၀၀၂ အပိုဒ ်၁၊ ဇယား (၁)(၂)(၃)နှင့်(၅)ပါ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဇူလိုင် ၂၉ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၀၂ အပိုဒ် ၁၊ ဇယား (၁)(၂)(၃)ပါ မူးယစ်ဆေးဝါးတွေကို လည်းကောင်း ဆိုလိုခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အထူးထိန်းချုပ်ဆေးဝါးတွေကို လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဗဟိုအဆင့်နဲ့ သင်ကြားရေး ဆေးရုံများ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးဆေးရုံများ၊ ခုတင် ၂၀၀ ဆံ့နှင့်အထက်ရှိ ဆေးရုံများ၊ ကျန်းမာရေးဝန်ကြီးဌာနက အထူးခွင့်ပြုတဲ့ တခြားဆေးရုံတွေမှာသာ တရားဝင် ရောင်းချခွင့် ပြုထားတယ်လို့ သိရပါတယ်။

“ကတ်တမင်း ဆေးတွေကတော့ အထူးထိန်းချုပ် ဆေးဝါးတွေပါ။ ဆေးရုံတွေမှာဆို ဒီဆေးတွေကို Double Log သိမ်းတာ ဖြစ်ပါတယ်။ ဒီဆေးတွေကို အပြင်ဆေးဆိုင်တွေ အနေနဲ့လည်း အလွယ်တကူ မရောင်းချဖို့တွေကိုလည်း ပညာပေးဖို့ လိုပါတယ်။ ဒါတွေ အပြင်မှာ မရောက်အောင် မှောင်ခိုဆေး စျေးကွက်ကိုလည်း ထိန်းချုပ်ဖို့လိုပါတယ်။ စျေးကွက်မှာ အလွယ်တကူ ရနေတာကလည်း ဘယ်နားက ထွက်တာလဲ” လို့ ဒေါက်တာနန္ဒ ဝင်း (ဆေး-၁) က မှတ်ချက်ပြုပါတယ်။

ထိန်းချုပ်ဆေးဝါးတွေ ထုတ်လုပ်၊ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း၊ ဆေးညွှန်းစာတွေနဲ့ မှတ်တမ်းမှတ်ရာ အစီရင်ခံစာတွေကို စိစစ်ကြပ်မတ်ဖို့  ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ပေးအပ်ထားပါတယ်။

အထူးထိန်းချုပ် ဆေးဝါးတွေနဲ့ ပတ်သက်ပြီး အလုပ်သမားဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာ တင်မင်းထွန်း က ” ကတ်တမင်းက အထူးထိန်းချုပ်ဆေးဝါး ဆိုပေမဲ့ တရားဝင်ကုမ္ပဏီတွေက တင်သွင်းတာတွေ ရှိသလို အောက်လမ်းကနေ ဝင်တာတွေလည်း ရှိကြတာပဲ။ ဒါတွေကို ပြောရင် ဆရာဝန်တွေ တော်တော် ဒုက္ခရောက်ပါတယ်။ ကတ်တမင်းကို အလွယ်တကူ ဝယ်လို့မရပြန်ရင်လည်း နယ်တွေမှာ ခွဲတာစိတ်တာဆို  တအားခက်ခဲတာပဲ။ နယ်က ဆရာဝန်တွေက ကတ်တမင်းပဲ အားကိုးရတာ။ အစိုးရကပေးတဲ့ ဆေးနဲ့ချည်းပဲလည်း မလုံလောက်တော့လေ” လို့ု သုံးသပ်ပြောကြားပါတယ်။

ဆေးဆိုင်တခုခုမှာ  လက်လီ ရောင်းချလိုသူတွေအနေနဲ့ အမျိုးသားဆေးဝါးဥပဒေနဲ့အညီ ဆေးဝါး ရောင်းချခွင့်အတွက် မှတ်ပုံတင်နဲ့ လိုင်စင်ရရှိပြီး ဖြစ်ရမယ့်အပြင် အထူးထိန်းချုပ် ဆေးဝါးတွေနဲ့ သာမန်ထိန်းချုပ် ဆေးဝါးတွေကို ဆေးညွှန်းစာနဲ့ ဝယ်ယူသူတွေ လက်လီ ရောင်းချခွင့်အတွက် သီးခြား  ခွင့်ပြုချက်ရရှိဖို့ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးကတစ်ဆင့် ဗဟိုအစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီကို လျှောက်ထားရတယ်လို့လည်း သိရပါတယ်။

“ အထူးထိန်းချုပ် ဆေးဝါးတွေကို အပြင်မှာ အလွယ်တကူ ရနေသလား ဆိုတာက မေးခွန်းထုတ်စရာပါ။ တကယ်လို့ ရနေတယ်ဆိုရင်တော့ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် အခုအပြင်မှာဆိုလည်း ကတ်တမင်း မျိုးနွယ်ဝင် မူးယစ်ဆေးဝါးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူရနေနိုင်တဲ့ အခြေအနေရှိနေတော့ အဲဒါတွေကနေ တစ်ဆင့် ဝယ်တာမျိုးတွေ ဖြစ်နိုင်တယ်လေ။ အခု လူငယ်တွေကြားမှာလည်း ကတ်တမင်း မျိုးနွယ်ဝင် မူးယစ်ဆေးဝါးတွေကို တော်တော်များများ သုံးနေကြတာဆိုတော့လေ”လို့ ဒေါက်တာမျိုးဆက်သွေး (ပြည်သူ့ကျန်းမာရေး) က ဆိုပါတယ်။

တကယ်တော့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားနေကြသလို တို့ဆေး ဆိုတာ အပြင်မှာ တကယ် ရှိ မရှိ မသိရပေမဲ့ လတ်တလောမှာတော့ ဒီကိစ္စက ပြည်သူတွေကြား မှာ စိုးရိမ်လွန်ကဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။ 

ဒီလို စိုးရိမ်မှု လွန်ကဲလာတဲ့အတွက် နေ့စဉ် သွားလာလှုပ်ရှားနေကြရတဲ့ ပြည်သူတွေ ကြားမှာလည်း တစ်ဦးနဲ့တစ်ဦး ထင်ယောင်ထင်မှား ဖြစ်မှုတွေနဲ့ ယုံကြည်မှုတွေ ကျဆင်းလာနိုင်ပါတယ်။

အဆိုးဆုံးကတော့ အလုပ်ကိစ္စကြောင့် ဖြစ်ဖြစ်၊ ကျောင်းကိစ္စကြောင့်ဖြစ်ဖြစ် ဘာကိစ္စကြောင့်ဖြစ်ဖြစ် နေ့စဉ်လမ်းပေါ်မှာ သွားလာ လှုပ်ရှားနေကြတဲ့ ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု မရှိကြတော့တာပါပဲ။ ဒါဟာ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် ပေါ့သေးသေး တွက်ဆရမယ့်ကိစ္စတော့ မဟုတ်ပါဘူး။ 

တကယ်လို့သာ ထင်ယောင်ထင်မှား သံသယတွေနဲ့ နေ့စဉ် လမ်းပေါ်မှာ သွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေ တစ်ဦးပေါ်တစ်ဦး မယုံကြည်ကြဘူး ဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေက ရှေ့မှာ စောင့်ကြိုလို့ နေပါလိမ့်မယ်။ 

ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အနှေးနဲ့အမြန်ဆိုသလို ဒီကိစ္စကို အသိပညာပေးမှုတွေ လုပ်ဆောင်သင့်သလို ပြည်သူတွေအနေနဲ့ကလည်း လူမှုကွန်ရက် စာမျက်နှာပေါ်က သတင်းတွေကို ချင့်ချိန်ပြီး ယုံကြည်ကြဖို့ ဒေါက်တာ မြဝတ်ရည်က တိုက်တွန်း ပြောကြားထားပါတယ်။

“ ဒီမှာ ဘာကိုတွေ့ရသလဲ ဆိုတော့ ဖေ့စ်ဘွတ်မှာ လူတစ်ယောက်က မူးမော်ပြီး ဖြစ်သွားတယ်တို့ ဘာတို့ ဆိုတဲ့ဟာတွေ ရေးပြီဆို လူတွေက ကြောက်ကြလန့်ကြတယ်။ တစ်ခုခုဆို မစဉ်းစားတော့ဘူး။ ဒီ Source က မှန်ရဲ့လားဆိုတာ။ ဖေ့စ်ဘွတ်မှာ သတင်းတစ်ခုက အစစ်လား အတုလားဆိုတာ ခွဲခြားဖို့ မလွယ်ဘူး။ တချို့ဟာတွေဆို အရမ်းသိသာပါတယ်။ လူပျောက်တယ်ဆိုတဲ့ ကိစ္စတွေလည်း ဒီလိုပဲ။ တချို့ဟာတွေက တကယ်တွေ။ တကယ်ဖြစ်တဲ့အပေါ်မှာ မူတည်ပြီး ဟိုနေရာမှာလည်း ပျောက်ပြန်ပြီ။ ဒီနေရာမှာလည်း ပျောက်ပြန်ပြီ။ ဟုတ်လား။ မဟုတ်လား မသိတော့ဘူး။ အမှန် အဲဒါတွေ ဖြစ်တာက ဖေ့စ်ဘွတ်က သတင်းအမှားတွေကို Control မလုပ်နိုင်သေးတာ။ နောက်တစ်ခုက တကယ် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက သတင်း မထုတ်ပြန်တာပေါ့။ ဘာကြောင့် သတင်းမှားတွေ တွင်ကျယ်ပြီး အလုပ်ဖြစ်နေသလဲဆိုရင် ဒီလို တာဝန်ရှိတဲ့ သူတွေက သတင်းမထုတ်ပြန်လို့။ လူပျောက်တယ်ဆိုလည်း တရားဝင် ဌာနတွေက ထုတ်ပြန်သင့်တယ်။ အခုဟာက Personal အကောင့်တွေကနေ အကောင့်တုတွေကနေ ဘာတွေမှန်းမသိ တစ်ဆင့် တစ်ဆင့်နဲ့ အမှားတွေ ပြန့်ကုန်တာပေါ့။ အခု ဖေ့စ်ဘွတ်မှာ တို့ဆေးက တစ်စု၊ လူပျောက်တာ က တစ်စု၊ လူကုန်ကူးတာက တစ်စု အဲဒီလို ဖြစ်နေတယ်။ ဒီလို သတင်းမှားတွေကနေ လူထုအုံကြွမှု ဖြစ်အောင် လူထုစိုးရိမ်အောင် သတင်းမှားတွေ ဖြန့်နေနိုင်တာမျိုးလည်း ရှိတာပေါ့။ ကိစ္စတိုင်းကို တွေးကြောက်နေစရာ မလိုဘူး။ ချင့်ယုံပါ” ဟု တို့ဆေးနဲ့ ပတ်သက်ပြီး ဒေါက်တာမြဝတ်ရည်က သူမ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် Live လွှင့်ကာ သူ မ၏အမြင်ကို သုံးသပ် ပြောကြားထားပါတယ်။

Most Read

Most Recent