တပ်မတော်သားကိုယ်စားလှယ်များ တင်ပြသည့် ဥပဒေမူကြမ်းနှင့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတင်သွင်းမည့် ဥပဒေမူကြမ်းကို တစ်ပြိုင်တည်းယှဉ်တွဲ၍ လွှတ်တော်သို့ တင်သွင်းနိုင်ရေးဆောင်ရွက်သင့်ကြောင်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ တင်ပြ

တပ်မတော်သားကိုယ်စားလှယ်များ တင်ပြသည့် ဥပဒေမူကြမ်းနှင့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတင်သွင်းမည့် ဥပဒေမူကြမ်းကို တစ်ပြိုင်တည်းယှဉ်တွဲ၍ လွှတ်တော်သို့ တင်သွင်းနိုင်ရေးဆောင်ရွက်သင့်ကြောင်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ တင်ပြ
နိုဝင်ဘာ ၂၀ ရက်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
နိုဝင်ဘာ ၂၀ ရက်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Published 20 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၃၊ ၄၃၅ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃  အရ လက်မှတ်ရေးထိုးတင်ပြလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍  ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုလုံးအပေါ် သုံးသပ်လေ့လာပြုစု ရေးဆွဲ၍တင်သွင်းမည့် ဥပဒေမူကြမ်းနှင့် တစ်ပြိုင်တည်းယှဉ်တွဲ၍ လွှတ်တော်သို့တင်သွင်းနိုင်ရေး ဆောင်ရွက်သင့်ကြောင်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ဖတ်ကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖတ်ကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၃၊ ၄၃၅ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃  အရ စက်တင်ဘာ ၁၉ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုးတင်ပြလာသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်နာယကမှ စက်တင်ဘာ ၂၀ ရက် ကပြုလုပ်သည့်အစည်းအဝေးတွင် လွှတ်တော်သို့အသိပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်းများအပေါ် လေ့လာသုံးသပ်ရာတွင် ဦးသိန်းထွန်း ကျောင်းကုန်းမဲဆန္ဒနယ် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုး၍ ၁၉.၉.၂၀၁၉ ရက်တွင် လွှတ်တော်သို့ တင်သွင်းထားသည့် ဥပဒေကြမ်း၊ ဒေါက်တာမောင်သင်း မိတ္ထီလာမဲဆန္ဒနယ်အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုး၍ ၂၉.၅.၂၀၁၉ ရက်တွင် လွှတ်တော်သို့ တင်သွင်းထားသည့် ဥပဒေမူကြမ်းနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုး၍ ၁၇.၉.၂၀၁၉ ရက်တွင် လွှတ်တော်သို့ တင်သွင်းထားသည့် ဥပဒေမူကြမ်းသုံးခုရှိကြောင်း စိစစ်တွေ့ရှိရပါတယ်” ဟုဒေါက်တာ မြတ်ဉာဏစိုးက ဖတ်ကြားတင်ပြခဲ့သည်။

လက်ရှိတွင် တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုး၍ စက်တင်ဘာ ၂၀ ရက်က လွှတ်တော်သို့ တင်သွင်းလာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေးခုရောက်ရှိနေပြီး ယင်းမူကြမ်းများတွင် ပါဝင်သည့် ပြင်ဆင်ချက်များအရ ယခင်ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခဲ့သည့် ဥပဒေမူကြမ်းများနည်းတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တစ်ခုလုံးအပေါ် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပြဋ္ဌာန်းချက်အချို့ကိုသာ ပြင်ဆင် ဆောင်ရွက်ရန် တင်ပြထားခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ ပြည်ထောင်စုလွှတ်တော်က လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ အစုအဖွဲ့ အသီးသီး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ အချိုးကျပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကိုလည်း ပြည်ထောင်စုလွှတ်တော် ရုံး၏ ၁၉.၂.၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၅/၂၀၁၉)ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် ဆောင်ရွက်နေကြောင်းနှင့် အဆိုပါဥပဒေမူကြမ်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) တစ်ခုလုံးအပေါ် သုံးသပ်ပြင်ဆင်ဆောင်ရွက်ထားသည့် ပြင်ဆင်ချက်များ ပါဝင်လာမည်ဖြစ်ကြောင်းကိုလည်း လေ့လာသုံးသပ် တွေ့ရှိရပါတယ်” ဟု ၎င်းက ဖတ်ကြားတင်သွင်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ ဥပဒေမူကြမ်းကို လွှတ်တော်သို့ ဥပဒေ၊ နည်းဥပဒေနှင့်အညီ တင်သွင်းလာသည့်အချိန်တွင် လက်ရှိလွှတ်တော်သို့ တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေးခုနှင့်အတူ သီးခြားစီယှဉ်တွဲလျက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များရှိ ဥပဒေမူကြမ်း ပူးပေါင်းကော်မတီဝင်များ အားလုံး ပါဝင်ဖွဲ့စည်းထားသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက အတူတကွလေ့လာသုံး သပ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအသီးသီးတွင် ပါဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအားလုံးကို ပြည့်စုံစွာစုစည်း၍ ဥပဒေမူကြမ်းတစ်ခုတည်းအဖြစ် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးပြီး အဆုံးအဖြတ်ရယူခြင်းကို ဆောင်ရွက်မည်ဆိုပါက ပိုမိုလျော်ကန် သင့်မြတ်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထက်ပါအစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော် ရုံးညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။