လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံဖြစ်သည့်အတွက် မှတ်တမ်းများအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ၁၆၈ ဦး မိုင်းအန္တရာယ် ထိခိုက်ခံစားခဲ့ရပြီး ၄၂ ဦး အသက်ဆုံးရှုံးခဲ့ဟုဆို

လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံဖြစ်သည့်အတွက် မှတ်တမ်းများအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ၁၆၈ ဦး မိုင်းအန္တရာယ် ထိခိုက်ခံစားခဲ့ရပြီး ၄၂ ဦး အသက်ဆုံးရှုံးခဲ့ဟုဆို
မြန်မာနိုင်ငံ အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှု အာဏာပိုင်အဖွဲ့ ဖွဲ့စည်းထောင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်
မြန်မာနိုင်ငံ အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှု အာဏာပိုင်အဖွဲ့ ဖွဲ့စည်းထောင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်
Published 1 November 2019
နေရိုင်း၊ အောင်မင်းသိန်း

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံဖြစ်သည့်အတွက် ယင်းသို့ဖြစ်ပွားသည့် ဒေသများ၌ မြေမြှုပ်မိုင်းနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ရစ်ခဲ့သည့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်များကို ဒေသခံပြည်သူများ ကြုံတွေ့လျက်ရှိပြီး မှတ်တမ်းများအရ ကြည့်မည်ဆိုပါက ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ၁၆၈ ဦး မိုင်းအန္တရာယ် ထိခိုက်ခံ စားခဲ့ရပြီး ၄၂ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ Hilton ဟိုတယ်၌ အောက်တိုဘာ ၃၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် မိုင်းကင်းစင်ရေး လှုပ်ရှားမှု အာဏာပိုင်အဖွဲ့ ဖွဲ့စည်းတည်ထောင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေ တဲ့ နိုင်ငံဖြစ်တဲ့အတွက် ဖြစ်ပွားတဲ့နေရာ ဒေသတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်တွေ၊ ဒေသန္တရလုပ်တဲ့ မိုင်းအန္တရာယ်တွေ၊ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်တွေ အမြဲတမ်း ဒေသခံပြည်သူတွေမှာ ကြုံတွေ့ရလျက်ရှိပါတယ်။ ကျွန်တော်တို့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်နေကြရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊   NGO တွေ၊ Social Media တွေရဲ့ မှတ်တမ်းများအရ ကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေစပြီးတော့ စက်တင်ဘာလအထိ ၁၆၈ ဦး မိုင်းအန္တရာယ် ထိခိုက်ခံစားရတယ်လို့ သိရှိရပါတယ်။ အဲဒီအထဲမှာ ၄၂ ဦးဟာ အသက်ဆုံးရှုံးပြီးတော့ ၁၂၆ ဦးဟာ မိုင်းဒဏ်ရာနဲ့ မသန်စွမ်းအဖြစ် ကြုံတွေ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

မိုင်းအန္တရာယ် ကြုံတွေ့နေရသည့် တိုင်းဒေသကြီး/ပြည်နယ်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နှုန်းထားအရ ရှမ်းပြည်နယ်တွင် ၄၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၂၄ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်တွင် ၁၈ ရာခိုင်နှုန်းအထိ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အနေအထားကို မှတ်တမ်းများအရ တွေ့ရကြောင်း ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

ဦးဝင်းနိုင်ထွန်းက “ ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ၂၀၁၈ ခုနှစ်မှာ ၁၅၉ ဦး မိုင်းဒဏ်ခံရတာ ရှိပါတယ်။ ဒီ ၁၅၉ ဦးထဲမှာ အသက်သေဆုံးတာ ၂၃ ဦး၊ ၁၃၆ ဦးက ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာဆိုလို့ရှိရင် ၁၇၆ ဦး ထိခိုက်ဒဏ်ရာရပြီးတော့ ဒီအရေအတွက်ထဲမှာ ၅၂ ဦးက အသက်ဆုံးရှုံးရပြီးတော့ ၁၂၄ ဦးက မိုင်းဒဏ်ခံရတဲ့ အနေအထားကို သွားတွေ့ရပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့နိုင်ငံမှာ မသန်စွမ်းဦးရေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ များပြားလာတယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိုင်းအန္တရာယ် ကင်းရှင်းဖို့အတွက် မိုင်းအန္တရာယ် အသိပညာပေးမှုတွေ ရှိဖို့အတွက် ၂၀၁၂ နှစ် ဧပြီလကတည်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးစီးပြီးတော့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းတွေကို ၂၀၁၂ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာ ရှိပါတယ်” ဟု ပြောကြားသည်။

လက်ရှိကာလအထိ ဆောင်ရွက်နေသည့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း အဖွဲ့များ  ဖွဲ့စည်း၍ ဆောင်ရွက်ခြင်းများနှင့် အစည်းအဝေးများ ပြုလုပ်ဆွေးနွေးခဲ့သည့် အကြိမ်အရေအတွက် ၂၂ ကြိမ်ရှိခဲ့ပြီး ခုနစ်နှစ်တာ ကာလအတွင်း မိုင်းအသိပညာရေး လုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အချို့နေရာများတွင် Non-Technical Survey များ လုပ်ဆောင်ခဲ့ကြောင်း၊ မိုင်းကြောင့် ထိခိုက်ခံစားခဲ့ရသူများကို ထောက်ပံ့မှုရန်အတွက် SOP ရေးဆွဲမှုများ ဆောင်ရွက်နေကြောင်း၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိ ပညာပေးအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်နေခြင်းများရှိကြောင်း ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီးအေးဝင်းက “ မိုင်းရှင်းလင်းရေး ကိစ္စတွေကို အထောက်အပံ့ပေးနိုင်တဲ့ အမျိုးသားအဆင့် မိုင်းကင်းရှင်းရေး အာဏာပိုင် အဖွဲ့အစည်း ဖွဲ့စည်းရေးအတွက် ဒီအလုပ်ရုံ ဆွေးနွေးပွဲကနေပြီးတော့ မြန်မာနိုင်ငံရဲ့ မိုင်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များမှာ များစွာအထောက်အပံ့ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

 

 

Most Read

Most Recent