ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ဆယ်စုနှစ်ကျော် ရပ်နားထားခဲ့သော ပိုးမွေးမြူရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာ

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ဆယ်စုနှစ်ကျော် ရပ်နားထားခဲ့သော ပိုးမွေးမြူရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာ
ချင်းပြည်နယ် တွန်းဇံမြို့နယ် အတွင်းရှိ  ပိုးမွေးမြူရေးလုပ်ငန်း တစ်ခုကို တွေ့ရစဉ်
ချင်းပြည်နယ် တွန်းဇံမြို့နယ် အတွင်းရှိ  ပိုးမွေးမြူရေးလုပ်ငန်း တစ်ခုကို တွေ့ရစဉ်
Published 3 October 2019



ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ဆယ်စုနှစ်ကျော် ရပ်နားထားခဲ့သော ပိုးမွေးမြူရေး လုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်လာကြောင်း သိရသည်။

“ဒီလုပ်ငန်းကို  အဓိကလုပ်ရတာက တွန်း ဇံနယ်မှာတော့ ဝန်ထမ်းကလွဲပြီးတော့ ဝင်ငွေ ရတဲ့လုပ်ငန်းက မယ်မယ်ရရမရှိဘူး။ ဒီပိုးမွေး မြူရေးလုပ်ငန်းက အောင်မြင်ခဲ့ပြီးတဲ့လုပ်ငန်း ဖြစ်လို့ ပြန်စလိုက်ရင် ဒေသခံတွေ အနေနဲ့က ပညာရေးလည်း မလိုဘူး။ လက်ရှိတယ် ခြေ ထောက်ရှိတယ်ဆိုရင် ဝင်ငွေရနိုင်တဲ့လုပ်ငန်း ဖြစ်လို့ ဒီလုပ်ငန်းကို တွန်းဇံနယ်မှာရှိတဲ့ ဒေသခံတွေ ပုံမှန်ဝင်ငွေရရှိစေဖို့ အတွက် ပြန်လည် လုပ်ကိုင်တာပါ။ ဒီလုပ်ငန်းက သုတေသနလုပ် စရာမလိုဘဲနဲ့ အောင်မြင်ပြီးသားလုပ်ငန်းတစ် ခုကို ပြန်လည်အစပြုတဲ့အခါ မျှော်လင့်ချက် အကြီးကြီးရှိပါတယ်။ ပိုးမွေးမြူရေးလုပ်ငန်း က နိုင်ငံခြားမှာသွားသင်စရာမလိုသလို ဘယ် သူ့ဆီမှလည်း သွားသင်စရာမလိုဘူး။ ဒီလုပ် ငန်းက မိရိုးဖလာက တတ်ပြီးသား ပညာတစ်ခု ဖြစ်နေတယ်။ လူထုတောင်သူတွေကို စည်းရုံး ရတာ အရမ်းလွယ်ကူတယ်။ ဒီနယ်မြေမှာက မြေကြီးနဲ့ပတ်သက်ရင် ဝယ်စရာမလိုဘူးလို့ ပြောလို့ရတာပေါ့။ ပိုင်ဆိုင်မှုကတော့ အစိုးရ ဆီမှာလုပ်ရမှာပေါ့။  ဒီနယ်မှာ နောက် လေး ငါးနှစ်လောက်ဆိုရင် ပိုးမွေးမြူရေးလုပ်ကိုင် ပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ ဝမ်းစာဖူလုံဖို့ လိုအပ်ပါ့ မယ်။ ဒီလုပ်ငန်းအခက်အခဲက ကျန်းမာတဲ့ ပိုးဥရရှိ ဖို့နဲ့ ဒုတိယအနေနဲ့က ဒီပိုးအိမ်တွေ ဝယ်လက်ရှိဖို့လိုတာပေ့ါ။ ကျွန်တော်ဂျပန်နဲ့ ထိုင်းမှာ သွားလေ့လာတော့ ထုတ်လုပ်နိုင် တယ်ဆိုရင်တော့ စျေးကွက်အနေနဲ့အခက်အ ခဲမရှိဘူးလို့ သိရပါတယ်။ ဒေသခံတွေအနေနဲ့ လုပ်ဖူးတဲ့သူတွေက ပြန်လုပ်ချင်တဲ့ အနေအ ထားရှိပါတယ်။ လူငယ်ပိုင်းကို တော်တော် စည်းရုံးရဦးမှာပါ။ ဒါပေမဲ့ ဒီလုပ်ငန်းက စံပြ တစ်ခုအနေနဲ့လုပ်ပြီးတော့ အောင်မြင်လာ တာတွေ့ရင်တော့ အကျိုးအမြတ်ရှိမှန်း သိ လာရင်တော့ အတုယူလိုက်လုပ်ချင်တဲ့သူရှိပါ တယ်။ လုပ်ငန်းတစ်ခုခုစတဲ့အခါမှာ ငွေရေးကြေးရေးပဲဖြစ်ဖြစ်၊ ဒေသဆိုင်ရာအာဏာပိုင် တွေရဲ့လာ လေ့လာအားပေးပြီး ကူညီနိုင်တဲ့ အပိုင်းကနေ ကူညီပေးဖို့လိုပါတယ်။ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်နိုင်ပါတယ်” ဟု မုခွယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဆောမ်လျန်းပေါင်က ပြောကြားသည်။

တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် ပိုးစာပင်စိုက်ခြင်း၊ ပိုးမွေးမြူရေး သင်တန်းများနှင့် ပိုးအိမ်စျေးကွက် ရရှိရေးအတွက် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ချိတ်ဆက် ပေးသွားမည်ဟု စက်တင်ဘာ ၁၁ ရက်တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တွန်းဇံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမ်ခန့်ထန်၏ မေးမြန်းမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“တွန်းဇံမြို့နယ်မှာက အရင်တုန်းက ပိုးစာခြံမှာ ပိုးထုတ်လုပ်ပြီး တောင်သူတွေကိုဖြန့်ဝေပြီး မွေးမြူစေခဲ့တာပါ။ ပိုးအိမ်ကိုလည်းဌာနကနေ ပြန်လည်ဝယ်ယူပေးခဲ့ပြီး ဆန်တို့ ရေနံဆီတို့ကိုလည်း ထောက်ပံ့ပေးခဲ့တယ်။ ထွက်လာတဲ့ချည်ကို တီးတိန်ပိုးချည်ဆွဲစက်မှာ ဆွဲပြီး အမရပူရကို ပိုးချည်ပိဿာလိုက်ရောင်း ချပေးပါတယ်။ ပိုးစာလုပ်ငန်းက အခုနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကုန်စျေးနှုန်းကလည်း တက်လာတယ်။ ချက်ချင်း ပိုးအိမ်စျေးနှုန်း တက်မပေးဘူး။ တောင်သူတွေ ပိုးမွေးရတာ တွက်ခြေမကိုက်ဘူး။ ပိုးအိမ်တွေကို ဌာနက နေပြီးတော့ မဝယ်တော့ဘူးး ။ ပိုးအိမ်အဝယ် ဒိုင်ဖွင့်မယ့်သူလည်း မရှိတော့ ပိုးမွေးမြူရေး ပျက်သုဉ်းတာပေါ့။ ၂၀၀၅ ခုနှစ်ကစပြီး ပိုးမွေးမြူရေးလုပ်ငန်းတွေ နားသွားပါတယ်။ ပိုးမွေးမြူရေးလုပ်ငန်း ပြန်စတာ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်က ပြန်စလာတာ။ မြို့နယ်အနေနဲ့ အရင်တုန်းက ပိုးမွေးခဲ့ပြီး ပျက်သုဉ်းလာတော့ မြို့မိမြို့ဖတွေက လုပ်ငန်းကို သံယောဇဉ်ရှိတော့ ပုဂ္ဂလိကလုပ်ငန်း တစ်ခုလို ပြန်ထူထောင်လာတဲ့ သဘောပါ” ဟု ပိုးမွေးမြူရေး လုပ်ငန်းတွင် နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်ခဲ့သူ ဦးငိုလ်ခန့်ခိုင်က ပြောကြားသည်။

အောင်သူထွန်း (ကလေး)

 

Most Read

Most Recent