လက်ရှိ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ သာရှိရန် မျှော်မှန်းခဲ့သော်လည်း ဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်ပတ်ကျော်သာ ကျန်ရှိချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၂၀၀ ကျော် ရှိနေ

လက်ရှိ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ သာရှိရန် မျှော်မှန်းခဲ့သော်လည်း ဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်ပတ်ကျော်သာ ကျန်ရှိချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၂၀၀ ကျော် ရှိနေ
Published 22 September 2019
ဇေယျာငြိမ်း

လက်ရှိ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ သာရှိစေရန် မျှော်မှန်းခဲ့သော်လည်း ဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်ပတ်ကျော်သာ ကျန်ရှိချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၁၂၀၀ ကျော် ရှိနေကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေ ဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုး မြင့်မားနေခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံက တင်ပို့နိုင်မှု စွမ်းအားထက် ပြည်ပမှ ပိုမိုတင်သွင်းနေရခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၁၃  ရက်အထိ ၁၁ လခွဲခန့်တွင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၇၆ ဘီလျံသာရှိပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၂၁၈ ဘီလျံကျော်အထိ တင်သွင်းထားသည်။ ထို့ကြောင့် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄၁ ဘီလျံ (ဒေါ်လာ ၁၂၄၁ သန်းကျော်) ပိုများနေသောကြောင့် ကုန်သွယ်မှု လိုငွေမှာလည်း အမေရိကန် ဒေါ်လာ ၁၂၄၁ သန်းကျော် ရှိနေသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်း ပမာဏ ဒေါ်လာ  ၃၁ ဘီလျံကျော် ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်အထိ လျော့ကျအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်  နဝမပုံမှန် အစည်းအဝေး ပထမနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားထားသည်။

သို့သော်လည်း လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးရန် ၁၇ ရက်သာ ကျန်ရှိချိန်တွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှု လိုငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ကျော် ရှိနေသောကြောင့် မျှော်မှန်းထားချက် ပြည့်မီရန် ကုန်သွယ်မှုလိုငွေကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အထိ ထပ်မံလျှော့ချရမည် ဖြစ်သည်။ ယင်းသို့ မျှော်ထားချက် ပြည့်မီရန် လိုအပ်နေသေးသော်လည်း လက်ရှိဘဏ္ဍာနှစ် ၁၁ လခွဲခန့်တွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှု လိုငွေပမာဏသည် ယခင်နှစ် ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေ ပမာဏထက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃၀ ဘီလျံကျော် လျော့ကျခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော် ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု လိုငွေပြမှု လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်း၊ တန်ဖိုးမြင့် ထုတ်ကုန်များ တင်ပို့နိုင်ရေးအားပေးခြင်း၊ GSP ကဲ့သို့ ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ရရှိပြီး လုပ်ငန်းရှင်များ ပို့ကုန်စျေးကွက် တိုးချဲ့တင်ပို့နိုင်ရေးကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂၃ ရက်အထိ ၁၁ လ ခန့်တွင် မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၁ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာတူထက် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်လျော့ကျခဲ့ကြောင်း သိရသည်။