ပြင်ပရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၄ သိန်းကျော်သို့ ရောက်ရှိလာ

ပြင်ပရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၄ သိန်းကျော်သို့ ရောက်ရှိလာ
Published 29 March 2024

မတ် ၂၉ ရက်က ပြင်ပရွှေစျေးကွက်တွင် တစ်ကျပ်သား ကျပ် ၄၄သိန်းကျော်သို့ ရောက်ရှိခဲ့သည်ဟု ရွှေစျေးကွက်အတွင်းမှ သိရသည်။

မတ် ၂၆ ရက်တွင် ပြင်ပရွှေစျေးနှုန်းမှာ တကျပ်သားလျှင် ကျပ် ၄၃ သိန်းကျော်တွင်ရှိ နေရာမှ မတ် ၂၉ ရက်တွင် ကျပ် ၄၄ သိန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ရွှေစျေးကွက်အတွင်းမှ သိရသည်။

မတ်၂ရရက်က ရန်ကုန်ရွှေစျေးကွက် ဖွင့်လှစ်ခြင်းမရှိဘဲ ယခင်စျေးနှုန်းအတိုင်းသာ ရှိနေခဲ့သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေစျေးနှုန်းမှာလည်း မတ် ၂၈ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၃၇၉၇၆၀၀ သတ်မှတ်ထားရာမှ မတ် ၂၉ ရက်တွင်  ၃၈၁၁၀၀၀ သို့ စျေးနှုန်းမြင့်တက် သတ်မှတ်ခဲ့ကြောင်း သိရ သည်။

ရွှေကို သတ်မှတ်စျေးနှုန်းအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် မပြုလုပ်နိုင်ပါက အရောင်းအဝယ်ရပ်ထားရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်ထားသည်။

မတ် ၁၆ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ရွှေစျေးကွက်အတွင်းတွင် ပြင်ပရွှေဝယ်ရောင်းလုပ်သူများနှင့် ရွှေဆိုင်များအားလုံးသည်လည်း YGEA သတ်မှတ်စျေးနှုန်းအောက်တွင် အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ် ရပ်ထားပေးပါရန် အထူးသတိပေးအပ်ပါသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်သည်။

သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေစျေးကွက်ရောင်းဝယ်သူများမှရွှေစျေးကို ဆွဲတင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

ကောလာဟလအခြေအမြစ်မရှိ သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပစျေးကွက်ရောင်းဝယ်သူများမှ စျေးကစား၍ ရွှေစျေးနှုန်းကို ဆွဲတင်ဆွဲချလျက်ရှိနေကြောင်း၊ သတင်းအဖြစ်အပျက်အမှန်များကိုဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

Most Read

Most Recent