ဓားခုတ်မှုအတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရသဖြင့် အယူခံတက်မည့်အမှုကိစ္စ ကူညီမည်ဟုဆိုပြီးလာဘ်ငွေတောင်းခံခဲ့သည့် ထီးချိုင့်မြို့နယ်တရားရုံးမှ အကြီးတန်းစာရေးအားအဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ဓားခုတ်မှုအတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရသဖြင့် အယူခံတက်မည့်အမှုကိစ္စ ကူညီမည်ဟုဆိုပြီးလာဘ်ငွေတောင်းခံခဲ့သည့် ထီးချိုင့်မြို့နယ်တရားရုံးမှ အကြီးတန်းစာရေးအားအဂတိလိုက်စားမှုဖြင့် အမှုဖွင့်
Published 31 August 2019
နေမျိုးဝင်း

ဓားခုတ်မှုအတွက် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံရသဖြင့် အယူခံတက်မည့်အမှုကိစ္စ ကူညီမည်ဟုဆိုပြီး လာဘ်ငွေတောင်းခံခဲ့သည့် ထီးချိုင့်မြို့နယ်တရားရုံးမှ အကြီးတန်းစာရေး (ဘိလစ်စာရေး) အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေး ကော်မရှင်က သြဂုတ် ၃၀ ရက်တွင် ထုတ် ပြန်ကြေညာသည်။

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ တောင်တန်းကျွန်းစုတွင် တစ်ရွာတည်းနေသူက ဓားဖြင့်ခုတ်ခဲ့သဖြင့် တရားခံအား မြို့နယ်တရားသူကြီးက ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ မှုအပေါ်ကျေနပ်မှုမရှိ၍ အထက်တရားရုံးသို့ ပြင်ဆင်မှုတက်ရန်ကိစ္စကို ကူညီမည်ဟုဆိုပြီး ငွေကြေးတောင်းခံခဲ့သော ထီးချိုင့်မြို့နယ် တရားရုံးမှ ဘိလစ်စာရေးအား အရေးယူပေး ပါရန် ကော်မရှင်က တိုင်ကြားစာလက်ခံရရှိခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါတိုင်ကြားစာအရ  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တရားရုံးမှ အကြီးတန်းစာရေး (ဘိလစ်စာရေး) ဦးဌေးဝင်းသည် ထီးချိုင့်မြို့ နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၁၄၇/၂၀၁၇ အမှုနှင့်ပတ်သက်၍ တရားခံအား ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရမှုအပေါ် ပြစ်မှု နှင့် ပြစ်ဒဏ်ညီမျှခြင်း မရှိဟုယူဆ၍ ပြင်ဆင်မှု တက်ရောက်ရန်နှင့် တရားရုံးတွင် နစ်နာ ကြေးရရှိရေးအတွက် အကူအညီပေးမည်ဟု ပြောဆိုပြီး ကျပ် ၅၆၆၀၀၀၀ ကို အကြိမ်ကြိမ် ခွဲ၍ တောင်းခံရယူခဲ့သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြမှုအရ  သိရသည်။

ထိုသို့ အဂတိလိုက်စား၍ အမှုသည်ထံမှ တံစိုးလက်ဆောင်များ ရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တရားရုံးမှအကြီးတန်း စာရေး (ဘိလစ်စာရေး) ဦးဌေးဝင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့် မြို့မရဲစခန်းတွင် သြဂုတ် ၃၀ ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ကြောင်းသိ ရသည်။                                      

 

Most Read

Most Recent