ဘီးလင်းမြို့နယ်ရှိ ရန်ကုန် - မော်လမြိုင် ရထားလမ်းတွင် အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံး

ဘီးလင်းမြို့နယ်ရှိ ရန်ကုန် - မော်လမြိုင် ရထားလမ်းတွင် အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံး
Published 8 March 2024

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာနှင့် သဘက်ဆွဲကျေးရွာကြားရှိ ရန်ကုန် - မော်လမြိုင် ရထားလမ်းတွင် မတ် ၇ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာနှင့် သဘက်ဆွဲကျေးရွာကြားရှိ ရထားလမ်းဘေးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးနှင့် မော်လမြိုင်မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသော ၈၂ အဆန်  လူစီးအမြန်ရထားနှင့် ပွတ်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးက ရထားလမ်းဘေးက တာဘောင်မှာ သွားနေရင်းနဲ့ ရထားနဲ့ မလွတ်ဘဲ ပွတ်တိုက်မိသလိုဖြစ်သွားတာလို့ သိရတယ်။ ဆိုင်ကယ်ကတော့ လွင့်ထွက်သွားပေမယ့် အဲ့ဒီဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးက ရထားအောက်ထဲရောက်သွားပြီး ကိုယ်ခန္ဓာအပိုင်းပိုင်းပြတ်ပြီး သေဆုံးသွားခဲ့တာပါ” ဟု ပြောကြားသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးမှာ ဘီးလင်းမြို့ အမှတ် (၈) ရပ်ကွက်နေ မအိသဲမွန် ဆိုသူဖြစ်သည်ဟု သိရကြောင်း ဘီးလင်းဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရထားလာနေတဲ့အချိန်မှာ ရထားဘေးကနေ ဆိုင်ကယ်မောင်းနေရင်းနဲ့၊ ရထားသွားတဲ့ အရှိန်နဲ့ ရထားအောက်ရောက်သွားတဲ့ သဘောမျိုးလို့ ယူဆရပါတယ်” ဟု ပြောကြားသည်။

ရထားကြိတ်ခံရပြီး သေဆုံးခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းအား ရှင်သန်ခြင်းနှင့် နာရေးကူညီမှုအသင်း (ဘီးလင်း) နှင့် မိုးကောင်းလူမှုကူညီကယ်ဆယ်ရေးအသင်းတို့မှ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent