မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
Published 26 February 2024

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီခန့်က တိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် ခရီးသွားများထံမှ သိရသည်။

အဆိုပါမလွှဲတောင်စစ်ဆေးရေးဂိတ်မှာ Drone ဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးသီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “Drone နဲ့ ဗုံးလာချတာက အားလုံးခုနစ်လုံးလို့ သိရတယ်။ စစ်ဆေးရေးဂိတ်အနီးကို နှစ်လုံးကျတယ်။ ကျန်တာက စစ်ဆေးရေးဂိတ်စခန်းကုန်းပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲသွားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

မလွှဲတောင်စစ်ဆေးရေးဂိတ် ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်ဆေးရေးဂိတ်အတွင်းမှလည်း လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။

ထိုသို့ မလွှဲတောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ရေး-ထားဝယ်ကားလမ်းအား ခေတ္တပိတ်ထားခဲ့ကြောင်း ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။

“မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ တိုက်ပွဲဖြစ်နေလို့ဆိုပြီး ထားဝယ်ဘက်ကရော ရေးဘက်ကပါ ပိတ်ထားတယ်။ မွန်းလွဲ ၃ နာရီလောက်မှ လမ်းက ပြန်ပွင့်တယ်” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

 (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုသည့်အနေဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်အား မွန် - တနင်္သာရီမဟာမိတ်အဖွဲ့များဖြစ်ကြသည့်  ဒေါနတပ်ခွဲ - ၄ (ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF)၊ YAF အဖွဲ့၊ ABSDF အဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော်တပ်ရင်း - ၁၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) စသည့် မွန်- တနင်္သာရီ မဟာမိတ်ငါးဖွဲ့က Drone ဖြင့် ဗုံးသီး ခုနစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent