ဟိုပုံးမြို့နယ်တွင် ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးနှင့် ငွေသားများ ယူဆောင်သွား

ဟိုပုံးမြို့နယ်တွင် ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးနှင့် ငွေသားများ ယူဆောင်သွား
Published 27 February 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဟိုပုံးမြို့ တောင်ရပ်ကွက်ရှိ  ၉၉ ဖုန်းဆိုင်ကို ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ပြောက်ကျားအကျႌဝတ်ဆင်ထားပြီး သေနတ်အရှည်ကိုင်ဆောင်ထားသူနှစ်ဦးက ဓားပြတိုက်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဟိုပုံးမြို့နယ်၌ လုယက်မှုများ ရှိဖူးသော်လည်း သေနတ်အရှည်လွယ်၍ ဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

သက်ဆိုင်ရာက ဖြစ်စဉ်ကို အသေးစိတ်လိုက်လံစုံစမ်းနေကာ အဆိုပါဓားပြတိုက်သူများ ကိုင်ဆောင်ထားသော လက်နက်များတွင် လက်နက်ခဲယမ်းပစ္စည်း အစုံအလင်ပါဝင်သည်ဟု မြင်တွေ့သူများက ဆိုသည်။

ဟိုပုံးမြို့အရှေ့ဘက် မိုင်းပွန်မြို့အနီး တစ်ဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး တောင်ကြီး၊ လွိုင်လင်သွားလမ်း မိုင်းပွန်တံတားကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားဆဲဖြစ်သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့နယ်တွင်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဓားပြတိုက်မှုနှစ်ကြိမ်နှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ မော်တော်ယာဉ်မောင်း (လိုင်းကား) ကားသမားကို သတ်ဖြတ်၍ မော်တော်ကား လုယက်ထွက်ပြေးမှုဖြစ်စဉ်တစ်ကြိမ် ဖြစ်ပွားခဲ့ကာ ကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent