မလေးရှားနိုင်ငံရှိ သံထည်စက်ရုံတစ်ရုံတွင် ဂက်စ်အိုးပေါက်ပြီး မြန်မာလုပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာလူမှုကူညီရေး အသင်း(မလေးရှား)ထံမှ သိရသည်။
မလေးရှားနိုင်ငံ၊ ဆလန်းဂေါပြည်နယ်အတွင်းရှိ သံထည်စက်ရုံတစ်ရုံတွင် ဂတ်စ်အိုးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၃ ရက်က မလေးရှားနိုင်ငံ ဆလန်းဂေါပြည်နယ်၊ ပူချွန်းမြို့ရှိ သံဖြင့်ပြုလုပ်သော သံထည်လုပ်ငန်းစက်ရုံတစ်ရုံတွင် သံချောင်းဖြတ်ရာ၌ အသုံးပြုသည့် ဂတ်စ်အိုးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါဂက်စ်အိုးပေါက်ကွဲမှုကြောင့် ကိုပြည့်စုံဖြိုး အသက်(၃၃)နှစ်နှင့် ကိုရှိုင်းအောင် အသက်(၂၉)နှစ်တို့ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ကိုပြည့်စုံဖြိုးမှာ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကုန်းဇရပ်ကျေးရွာဖြစ်ပြီး ကိုရှိုင်းအောင်မှာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေကြာတန်းကျေးရွာကဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။
သေဆုံးသူများ၏ ကျန်ရစ်ခန္ဓာကိုယ်ကို မလေးရှားနိုင်ငံ၊ ပူချွန်းမြို့ ၁၄ မိုင်တွင်ရှိသည့် သုသာန်တွင် မတ် ၁၈ ရက် နံနက် ၁၁ နာရီက သင်္ဂြိုလ်ခဲ့သည်ဟု မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။