နိဗ္ဗာန်ဟာ ပျောက်ဆုံးခဲ့တာလား၊ ဘကြီးအောင် ညာခဲ့တာလား

နိဗ္ဗာန်ဟာ ပျောက်ဆုံးခဲ့တာလား၊ ဘကြီးအောင် ညာခဲ့တာလား
Photo : noguidebooks
Photo : noguidebooks
Published 29 June 2019
မောင်နောင်မွန်

မိုးဦးလေဦးကျပြီ၊ ကျောင်းစိမ်းဝတ်စုံ တွေနဲ့ ကလေးတွေ လွယ်အိတ်ထဲ စာအုပ် တစ်သီတစ်တန်းကြီး ထည့်၊ ကျောင်းသွားတာ ကို မြင်နေရပြီ။ ဒီလိုချိန်မျိုးဆို အိမ်နားက တံငါသည်မိသားစုကို ပြန်တွေ့ရတယ်။ ငါး မဖမ်းရရာသီ၊ ငါးဥချရာသီမို့ အိမ်နားက ငါးဖမ်းလှေသမားတွေ အိမ်ကပ်နေကြပြီ။ ဒီရာသီကိုတော့ သူတို့တွေ ငါးမဖမ်းကြဘူး။ သူတို့ ပြောစကားအရ ဒီရာသီ ငါးမဖမ်းရလည်း ကျန်တဲ့ရာသီတွေ ဖမ်းလို့ရတယ်တဲ့။ ငါးပေါက် တွေ များလေ၊ သူတို့တွေအတွက် ပိုပြီး တွက်ခြေကိုက်လေလို့ ပြောတာပဲ။ ကျန်တဲ့ချိန်တွေဆို သူတို့တွေက ပင်လယ်ထဲက ကျားလှေလို့ သူတို့ ခေါ်တဲ့ ငါးဖမ်းလှေပေါ်မှာသာ နေကြတယ်။ ဒီလို မိုးဦးကျ ငါးဥချချိန်နဲ့ ရွာ ဘုရားပွဲချိန်လောက်သာ ရွာထဲက အိမ်မှာ ရှိတတ်တယ်။ သူတို့တွေ အိမ်ကပ်ရင် အမြဲတမ်း ဆရာစိုင်းခမ်းလိတ်ရေးတဲ့ ဆရာစိုင်းထီးဆိုင်ဆိုတဲ့ သီချင်းတွေကို လှိုင်လှိုင်ကြား ရတော့တာပဲ။ “ပလက်ဖောင်းမင်းသား၊ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ၊ မောင့်လပြည့် ဝန်း၊ လူငယ်ခြေကျ” သီချင်းသံတွေကို မကြား ချင်မှအဆုံး တစ်နေ့ကုန်နီးပါး ဖွင့်နေကြတော့ တာပဲ။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတစ်ခုလုံးက ဒီသီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတာ။ ရေဒီယို ကနေ၊ ကက်ဆက်ကနေ အမြဲကြားခဲ့ရတဲ့ သီ ချင်းသံတွေက ဒီလိုမိုးဦးလေဦးဆို အမြဲလိုလို ပြန်ကြားနေရတယ်။ ကျောင်းမနေသေးတဲ့ ကလေးတွေက အော်ဟစ်ပြီး ပြေးလွှားနေကြ တယ်။ ကလေးတွေ ကားလမ်းမပေါ် ပြေး တက်သွားမှာစိုးတာမို့ အော်ဟစ်ပြီး သိပ် မပြေးဖို့ ပြောနေတဲ့ သူ့အမေရဲ့ အော်သံကို ကြားရတယ်။ ဒီအသံတွေက မိသားစုတစ်ခု ရဲ့ ပင်မှည့်တေးသံလို သာယာဆဲ။

ဟိုဘက်အိမ် ကက်ဆက်ကနေ လွင့်ပျံ လာတဲ့ သီချင်းသံက ဆရာစိုင်းထီးဆိုင်ရဲ့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံသီချင်း၊ သီချင်း အစရဲ့ အန်ပလက်ဂစ်တာသံက စိတ်အာရုံကို ဆွဲခေါ်သွားတာပဲ။ ငယ်ဘဝရဲ့ အမှတ်တရ တွေ၊ အပြစ်ကင်းစင်မှုတွေအကြောင်းက သီ ချင်းသံနဲ့အတူ ခေါင်းထဲ ရောက်လာခဲ့တယ်။ငယ်ဘဝဆိုတာ ကျွန်တော်တို့လို အရွယ်လွန် တွေအတွက် ပြန်မရတော့တဲ့ ပျော်စရာအ တိ၊ ပြန်ငေးနေရတဲ့ အခိုက်အတန့်တွေ။ ဒီလို နဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝက ပျောက်ဆုံးနေ တဲ့ နိဗ္ဗာန်လား သီချင်းသံတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ရုန်းကန်လှုပ် ရှားနေတဲ့ ခေတ်ကြီးထဲ အသက်ရှူကျပ်ခဲ့ရတဲ့ ခေတ်ဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝပေါ့။ နိဗ္ဗာန်လို အေးချမ်းမှု မပြောနဲ့၊ သစ်ပင်ရိပ် တွေတောင် ရှာလို့မတွေ့တော့တဲ့ ကန္တာရလို ခေတ်ကြီးထဲ ကာဗွန်ဒိုင်အောက်ဆိုက် မွှန်နေ တဲ့ လေထုတွေကို ရှူသွင်းခဲ့ရတဲ့ ကာလယန္တ ရားထဲ လူလားမြောက်လာတဲ့အခါ ကျွန်တော် တို့မျိုးဆက်တွေက နိဗ္ဗာန်ဟာ ပျောက်ဆုံး သွားတာလား၊ မရောက်ရှိခဲ့တာလား တွေးယူ နေရဆဲ။ ကျွန်တော် သီချင်းသံကို နားစွင့်ရင်း တွေးနေမိတယ်။ ငယ်ဘဝရဲ့ နိဗ္ဗာန်ဘုံက ကျွန် တော်တို့ဆီမှာ ပျောက်ခဲ့တာလား။ ခု ပြေး လွှားဆော့ကစားနေတဲ့ ကလေးတွေဆီမှာ ပျောက်ခဲ့တာလားဆိုပြီးတော့ပေါ့။

ကျွန်တော်တို့တတွေဟာ ခေတ်ကြီး ရဲ့ရေဆန်လမ်းကြမ်းကို ကူးခတ်တက်လာတဲ့ ရေနည်းငါးတစ်ကောင်လို။ ဆူးတောင်တွေ ရိုက်ချိုးခံထားရတဲ့ ရေစီးကြောင်းတစ်ခုရဲ့ လူးလိမ့်မှုနဲ့ ကျောက်ဆောင်တွေရဲ့ ပွတ် တိုက်မှုတွေကြောင့် ကျွန်တော်တို့ ကျောပြင် တစ်ခုလုံး အရှိုးရာတွေအပြည့်၊ ဒီလိုနဲ့ ရေဆန်  တက်ဖို့ ကြိုးစားခဲ့တဲ့ ရေနည်းငါးတစ်ကောင် ရဲ့ငယ်ဘဝဟာ အောက်စီဂျင်နည်းနေတာ အ မှန်ပဲ။ ကျွန်တော်တို့မျိုးဆက်ဟာ ဟိုမရောက် ဒီမရောက် မျိုးဆက်ရဲ့ အမှတ်လက္ခဏာ၊ ကြောင်တောင်တောင် ကြားနေမျိုးဆက်တစ် ခု။ ကျွန်တော်တို့ရဲ့ ရှေ့မျိုးဆက်က မအောင် မြင်တဲ့ အရေးတော်ပုံကို အသက်စွန့်ပြီး ဖော် ဆောင်ပေးဆပ် စတေးခံခဲ့တဲ့ ဒဏ်ရာအလူး အလဲနဲ့ မျိုးဆက်၊ ကျွန်တော်တို့ နောက်မျိုး ဆက်က သစ္စာမဲ့သူ၊ ငြမ်းဖျက်သူတွေရဲ့ အ ကျင့်ယုတ်မှုကို ခံစားရတဲ့ မျိုးဆက်နှစ်ခုကြား ကျွန်တော်တို့ဟာ နာကျင်အချိန်ပိုမှာ ပယ် နယ်တီပေးခံရတဲ့ ကစားသမားတစ်ယောက် လို  အင်အားတွေဆုတ်ယုတ်၊ မျှော်လင့်ချက် မဲ့ခဲ့တဲ့ မျိုးဆက်တစ်ခု။ ဒဏ်ရာတွေ အလူး အလဲနဲ့ ရှင်သန်ဖို့အတွက် ရေကြည်ရာကို ကျွန်တော်တို့တတွေက ကိုယ့်ကိုယ်ကိုယ် ဖဲ့ ခြွေရင်း အသက်ရှူခွင့် မျှဉ်းမျှဉ်းလေးအတွက် ကုပ်ကပ်တက်လာခဲ့ရတယ်။ ဒီလိုနဲ့ ကျွန် တော်တို့ခေတ်မှာ နိဗ္ဗာန်ဘုံဆိုတာ ယုံတမ်း စကားတစ်ခု ဖြစ်ခဲ့တယ်။ အေးချမ်းမှုဆိုတာ ကောက်ရိုးပုံမှာ အပ်ရှာရသလို  မျှော်လင့် တောင့်တလို့ရတဲ့အရာ မဟုတ်ခဲ့ဘူး။

ဒါပေမဲ့ ငယ်ဘဝဆိုတာကတော့ ပြန် တွေးကောင်းတဲ့ အရာတစ်ခု၊ ပြန်တူးဆွဖို့ ကောင်းတဲ့ မှတ်Óဏ်ရတနာသိုက်တစ်ခုပဲ လေ။ ခုလိုခေတ်ပျက်ထဲ အရွယ်လွန်လာတဲ့ ကျွန်တော်တို့အဖြစ်တွေထက်တော့ ကျွန် တော်တို့ရဲ့ငယ်ဘဝဟာ နိဗ္ဗာန်ဘုံငယ်လေး တစ်ခုမဟုတ်ခဲ့တာတောင် ပျော်စရာကောင်း တဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့တာပဲလေ။ ငယ် ငယ်ကအကြောင်းတွေ မှတ်မိတာဆို မိုးဦး ကျချိန် ကြက်တူရွေးမှိုတွေ ခူးထွက်တာရယ်၊ အင်ဥတွေ တူးထွက်တာတွေ သတိရတယ်။ ရွာအနောက် လယ်ကွင်းတွေဆီကို ကောက် စိုက်ပွဲတော်ဆိုပြီး အနက်ရောင်ကားကြီးတွေ ရောက်လာပြီး ဓာတ်ပုံရိုက် ပြန်ကြတဲ့ ကာကီ ရောင်ဘောင်းဘီဝတ် လူကြီးဝဝတွေကို လည်း အမှတ်ရတယ်။ သူတို့တွေ လာရင် လူ ကြီးတွေက လယ်ကွင်းတွေမှာ ကောက်စိုက်ပြ ရတယ်။ ကျွန်တော်တို့ကလေးတွေက ကန် သင်းရိုးပေါ်မှာ ရပ်ကြည့်ကြ၊ သူတို့ ပြန်ရင် မုန့်တွေ စားရတာ မှတ်မိတယ်။ ကြက်တူရွေး မှိုဆိုတာ မိုးလေးတစ်ပြိုက်နှစ်ပြိုက် ရွာရင် ရော်ဘာပင်ခြေနားက မြေဆွေးနေရာမှာ အ ၀ါရောင် အနီရောင်မှိုကလေးတွေ ပွင့်နေတာ ပဲ။ ဒါကို ခူးပြီးရင် စျေးမှာ သွားရောင်းရတယ်။ တစ်ခုပဲ သတိထားရတယ်။ အဲမှိုလေးတွေက ကွမ်းသီးပင်နားမှာ ပေါက်ရင်တော့ မခူးရဲဘူး။ စားပြီးရင် မူးတာပဲ။ ကွမ်းဆိပ် တက်တယ် ထင်တာပဲ။ နောက်တစ်ခုက အင်ဥတွေ တူး ကြတာ။ အင်ဥတွေက ချောင်းစပ်နားက အင် ပင်ကြီးတွေဆီမှာ ရှိတယ်။ အင်ပင်ရဲ့ အမြစ် နားက အတက်ကလေးတွေပေါ့။ ဒါကို အင် ပင်ကြီးတွေနဲ့ တစ်ပေကျော်ကျော်လောက်မှာ မှန်းတူးရတာပဲ။ အဲလို တူးရင် ရတဲ့အခါလည်း ရှိတယ်၊ မရတဲ့အခါလည်း ရှိတာပေါ့။ ပြီးရင် ချောင်းစပ်မှာ ရေကူးပြီး အိမ်ပြန်။ အဲလိုတွေ ရလာရင် ကျွန်တော်တို့ မနက်ကျ စျေးမှာ ထွက်ရောင်းကြတယ်။ အဲလို ထွက်ရောင်းလို့ ရတဲ့ပိုက်ဆံတွေ ကျွန်တော်တို့အတွက် မုန့်ဖိုး ပဲဖိုးလေးတွေရတယ်။ ကျောင်းသွားရင် အိမ် က မုန့်ဖိုးဆိုပြီး ပေးတာမှ မရှိပဲ။ ဒီလိုပဲ ရှာကြံ ရတာပေါ့။ ကျွန်တော်တို့ငယ်ငယ်က ကျွန် တော်တို့အတန်းထဲ သူငယ်ချင်းတွေအားလုံး နီးပါး မုန့်ဖိုးရတဲ့ ကောင်ဆိုတာ ရှိမှမရှိပဲ။ ရှားပါးတဲ့ခေတ်ဖြစ်နေတာလည်း ပါတာပေါ့။ မိုးဦးကျရင် ကျွန်တော်တို့ သူငယ်ချင်းတွေ စု ပြီး လုပ်ကြတဲ့အရာတွေက အများသား။ ရွာ လယ်က ချောင်းမှာ ရေကူးတယ်။ ငါးဖမ်း တယ်၊ ငါးမျှားတယ်။ တောရွာမှာ ကြီးပြင်း ခဲ့တော့လည်း ကလေးဘဝဟာ ပျော်စရာ ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က အိမ်နောက်က မြေကွက်လပ်ကြီးမှာ အဘိုးတို့ က စံပယ်ပန်းပင်တွေ စိုက်ထားတယ်။ ညနေ ဆို စံပယ်ဖူးတွေ ခူး၊ ဗန်းလေးပေါ် ဖြန့်ထား၊ မနက်ကျတော့ ရောင်းတယ်။ ပန်းကို သီပြီး ရောင်းရတာမဟုတ်ဘူး။ အပွင့်ကို ရေပြီး ဒီ အတိုင်း ရောင်းရတာ။ စံပယ်ဖူးတွေ ခူးပြီးရင် စံပယ်ပင်တွေ ရေပေးရတယ်။ အဲဒါတွေ လုပ် ပြီးမှ ငယ်ငယ်က ကစားရတယ်။

ကျွန်တော်တို့အိမ်နားပတ်လည်က က လေးတွေအကုန်လုံးက ဒီလိုပဲလေ။ အဘိုး အဘွားနဲ့ နေကြရတာ။ အဖေအမေတွေက အိမ်နီးချင်းတစ်ဖက်နိုင်ငံမှာ ရေကြည်ရာ မြက်နုရာ ရှာကြ။ လကုန်ရင် အိမ်ကို လုပ်အား ခတွေ ပြန်ပို့ကြ။ ဒီက မိဘတွေက စုဆောင်း ပေးကြပေါ့။ ကျွန်တော်တို့တတွေက ဆယ် ကျော်သက်အရွယ်လောက်ထိကို အဘိုး အ ဘွားတွေက စောင့်ရှောက်ပေးရတုန်းပဲ။ အဲ အရွယ်ထိ ကျွန်တော်တို့တွေက မိဘတွေကို တစ်ခါနှစ်ခါလောက်သာ တွေ့ရဖူးတယ်။ ဒါ ဟာ ငါ့မိဘတွေပါလား မမေ့ရုံတမယ် အဖြစ် တွေပဲ။ အဲတော့လည်း ကျွန်တော်တို့တတွေ က မိဘတွေထက် အဘိုး အဘွားတွေကို ပို ခင်တွယ်ခဲ့ကြတယ်။ အဘိုးအဘွားတွေဆိုတာ ကလည်း သားအချစ် မြေးအနှစ်ဆိုတော့ ကျွန်တော်တို့ကို အလိုလိုက်တာပေါ့။ အဲ တော့ ကျွန်တော်တို့တွေရဲ့ ငယ်ဘဝက မပြည် မစုံပေမဲ့ ကျေနပ်စရာအတိဖြစ်ခဲ့တာပါပဲ။

ဒီအရွယ်ရဲ့ ပူလောင်မှုတွေနဲ့စာရင် တော့ ကလေးဘဝဟာ အတော်အတန် သာ ယာခဲ့ပါတယ်။ အမှားတွေ လုပ်ရင်လည်း က လေးဆိုတဲ့အသိနဲ့ ခွင့်လွှတ်တတ်ကြတယ်။ ဆရာကိုလေးမြတ်ရဲ့ စာတစ်ပုဒ်ထဲကလိုပေါ့။ “ငယ်ငယ်က နတ်ပွဲတွေဖြစ်ရင် နတ်ပွဲမှာ ပွဲ စျေးလာရောင်းတဲ့ အိုးပုတ်ရုပ်လေးတွေကို ခိုးတတ်ကြတယ်။ ခိုးလို့ရလာတဲ့ အိုးပုတ်ရုပ် လေးတွေကို ခဏတော့ ကစားကြတာပေါ့။ ပြီးတော့လည်း ပစ်ပေါက်ခွဲလိုက်ကြ။ ပြီးရင် သွားပြန်ခိုးကြ၊ ကလေးတွေဆိုတော့ အပျော် ပေါ့။ ခုခေတ်ကလေးတွေကျတော့ အရင် ခေတ်က ကလေးတွေလို အိုးပုတ်လေးတွေ မခိုးကြတော့ဘူး။ အရွယ်ရောက်ပြီး နေရာ တစ်ခုရတဲ့ လူကြီးတွေဖြစ်မှ ခိုးကြတော့တာ ပဲ။ “ခေတ်က ဘယ်တူမလဲလေ” ဆိုတဲ့ စာတစ် ပုဒ်ကို ဖတ်ဖူးတဲ့အခါ ကျွန်တော်တို့ ကလေး ဘဝဟာ အတော်လေး အတ္တကင်းခဲ့ပါလား ဆိုတာ တွေးမိတယ်။

ကျွန်တော်တို့  ဆယ်ကျော်သက်အရွယ် အထိကို ခေတ်ကြီးဟာ သိစရာများများစား စား သိပ်မရှိသေး။ ဒါမေး ဒါကျက် ဒါဖြေ စနစ်ရဲ့ စာအံသံတွေကြားမှာ လူလားမြောက် ခဲ့ရ။ မျက်စိပိတ် နားပိတ်ထားတဲ့ အိမ်အိုတစ် လုံးလို ကြယ်လင်းလင်းတွေ မြင်တွေ့ခွင့်မရ ကြယ်ကြွေတဲ့အကြောင်းကို နားစွင့်နေရ တဲ့ ခေတ်မှာ ကျွန်တော်တို့ရဲ့ နိဗ္ဗာန်ဘုံဟာ ပျောက်ကွယ်လုလု ဖြစ်ခဲ့တယ်။ ရုပ်ပစ္စည်း တိုးတက်မှုမရှိသလို စိတ်တွေလည်း တိုးတက် မှုတွေ ဆုတ်ယုတ်ခဲ့။ ပညာရေးအဆင့်တွေ မြေအောက်ထိ ကျဆင်းပြီး ကုန်စျေးနှုန်းတွေ မိုးလောက် မြင့်တက်လာတဲ့အချိန်မှာ ကျွန်တော်တို့ဟာ တပိန်ပိန်တလှီလှီနဲ့ ခေတ်ထဲကို ယက်ကန်ယက်ကန် ပြေးဝင်ခဲ့တယ်။ ဒါကိုပဲ ကျွန်တော်တို့ဟာ ဖက်တွယ်စွဲမက်ပြီး ခေတ်ကို အန်တုဖို့ ပြင်ခဲ့တယ်။

ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဆရာ စိုင်းခမ်းလိတ်ရဲ့ ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ သီချင်းသံကို ဘယ်ဟာ လွမ်းမှန်းမသိ လွမ်းနေဆဲပဲ။ အဲဒါတွေက ဘာမှ မယ်မယ်ရရ ပြော စရာမလိုတဲ့ ခံစားချက်မျိုးဆိုတော့ လွမ်းနေ မိတာပေါ့။ အိုးပုတ် ချိုးရုပ်တွေနဲ့  ရွှံ့တလူးလူး ဆော့ကစားခဲ့တဲ့ အချိန်တွေထဲ ဘကြီးအောင် ညာတယ်ဆိုတဲ့ ပုံပြင်ထဲက ဆင်စွယ်ရုပ်ထုလေးကို မောင်ချစ်လိုပဲ ကျွန်တော်တို့တတွေ တပ်မက်ခဲ့ရတဲ့ အိပ်ရာဝင်ပုံပြင်တွေပါပဲ။ ကျွန်တော်တို့တတွေဟာ ကိုယ်ရတဲ့အရာ တွေနဲ့သာ ရောင့်ရဲတင်းတိမ်တတ်ခဲ့ကြရ တယ်။ မဖြစ်နိုင်တဲ့အရာတွေကို ထူးပြီး လိုချင်တပ်မက်မှုတွေ မရှိခဲ့ကြတော့ဘူး။

ဒါဟာ ကျွန်တော်တို့လို စမ်းတဝါးဝါး ခေတ်ကြီးထဲ ကြီးပြင်းလာခဲ့တဲ့ လူတွေအား လုံး ခံစားခဲ့လာရတဲ့ အမှန်တရားလို။ လွမ်းနေပေမဲ့ လွမ်းရတာက အင်တင်တင်နဲ့ သွေးစိမ်းတွေ မခြောက်သေးတဲ့ အမာရွတ်ဟောင်း လိုပဲ။ တောက်တခေါက်ခေါက်နဲ့ အားမရဖြစ် ခဲ့ရတဲ့အဖြစ်တွေ။ ကျွန်တော်တို့ဟာ ခေတ်တစ်ခုလုံးကို အဖမ်းခံရဖို့အတွက် တည်ကြက် တွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့အခါ ငယ်ငယ်က နားထောင်ခဲ့တဲ့ ပုံပြင်ထဲကလို ဘကြီးအောင် ညာတယ်ပဲ အထပ်ထပ်ပြောနေမိတော့တယ်။ လေပြည်ကြားက ပျောက်ဆုံးနေသော နိဗ္ဗာန် ဘုံသီချင်းသံ ဘယ်နှခါမြောက်မှန်းမသိ နား ထောင်ဖြစ်နေတုန်း။ Guns N Roses ရဲ့ Knocking on the Heaven’s  door သီချင်း ကို သတိရမိတယ်။ကျွန်တော်တို့တတွေဟာ တံခါးခေါက်ခွင့်တောင် မရခဲ့သလိုပါပဲ။ ကဗျာ ဆရာ ကမ်လူဝေးရဲ့ သုခမဲ့နိုင်ငံသားကဗျာ ထဲကလို ပျော်စရာတွေ မရှိတော့တဲ့သူတွေ ဟာ ကျွန်တော်တို့တွေပါပဲ။ ခေတ်ကြီးထဲ ပါးထိုးပေးပြီး ရိုက်ခံဖို့ ရပ်စောင့်နေရသလို အဖြစ်တွေနဲ့။ အဆင့်ဆင့် လက်ဆင့်ကမ်းကြ ရတဲ့ လူဖြစ်စဉ်ထဲ ကျွန်တော်တို့တတွေဟာ အစ လုံးဝရှာမတွေ့တော့တဲ့ မြို့ုပျက်ကြီး တစ်ခုကို လက်ဆင့်ကမ်းပေးနေမိဆဲ။ နိဗ္ဗာန် ဟာ ပျော်စရာတွေဟာ ဘကြီးအောင် ညာ တယ်ဆိုသလို အစကတည်းကနေ ခုထိကို အစအန ရှာမရအောင် ပျောက်ဆုံးနေဆဲ။

Most Read

Most Recent