ကုမ္ပဏီ အရောင်းစာရေးတစ်ဦးထံမှ ကျပ် ၉၇ သိန်းခိုးယူပြီး ခွဲဝေယူထားသည့် တောင်ငူမြို့နေသူ လေးဦးအား ဖမ်းဆီးရမိ

ကုမ္ပဏီ အရောင်းစာရေးတစ်ဦးထံမှ ကျပ် ၉၇ သိန်းခိုးယူပြီး ခွဲဝေယူထားသည့် တောင်ငူမြို့နေသူ လေးဦးအား ဖမ်းဆီးရမိ
Published 19 August 2018

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် သြဂုတ် ၁၆ ရက်က ကုမ္ပဏီအရောင်းစာရေးတစ်ဦးက အမျိုးသမီးတစ်ဦးအား တည်းခိုခန်းသို့ခေါ်စဉ် ငွေကျပ် ၉၇ သိန်းအား ခိုးယူခံခဲ့ရပြီး ခိုးသွားသည့်ငွေများအား ခွဲဝေယူကြသူ လေးဦးအား တောင်ငူမြို့မရဲစခန်းမှ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်လင်းအောင်က “ကယ်ရီသမားက ကောင်လေးကို ကောင်မလေးနဲ့ တည်းခိုခန်း ထည့်ပေးပြီးတော့မှ ကောင်မ လေးက အထုတ်မပြေးတာ၊ ပထမတော့ တရားလိုက တို့ဆေးလိုလို ဘာလိုလိုစခန်းကို လာပြောတာ၊ အမှုဖွင့်ပြီးစစ်တော့မှ သူက ပြည့်တန်ဆာခေါ်အိပ်တာ ပေါ်တာ၊ ကျန်တဲ့ သုံးယောက်က ကောင်မလေးခိုးလာတာကို ခွဲဝေယူကြတာပေါ့။ အဲဒီခွင်တွေနဲ့ လုပ်စား နေတဲ့ပန်းခြံကွေ့က ကိုထွန်းဆိုတဲ့ လူကအချုပ်ပဲ။ သူတို့က အမြဲလုပ်စားနေတာ” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ တောင်ငူမြို့ ၇ ရပ်ကွက်၊ မြန်မာ့အလှ တည်းခိုခန်းတွင် သြဂုတ် ၁၃ ရက်မှစ၍ ရောက်ရှိတည်းခိုနေသော ကုမ္ပဏီတစ်ခုမှ အချိုမှုန့်အရောင်းစာရေးဖြစ်သူ ကိုဉာဏ်လင်းသည် သြဂုတ် ၁၆ ရက် ည ၁၀ နာရီခန့်တွင် အတူတည်းခိုနေသည့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့မှာ မြို့ထဲသို့ထွက်ခွာသွားသဖြင့် လိုက်ရှာရန်အတွက် အမည်မသိ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးအား ငှားရမ်း၍ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစဉ် ဆိုင်ကယ်ကယ်ရီသမားက “ကောင်မလေးရှိတယ်။ ၁၀၀၀၀ ကျပ်ပေးရမယ်” ဟုပြောပြီးနောက် ဖုန်းဆက်ခေါ်လိုက်ရာ အမည်မသိ အမျိုးသမီးတစ်ဦးရောက်ရှိလာခဲ့ပြီး ယင်းအမျိုးသမီးနှင့်အတူ ကိုဉာဏ် လင်းအားတည်းခိုခန်းတစ်ခုသို့ ကယ်ရီသမားက လိုက်ပို့ပေးပြီးနောက် ငှားရမ်းထားသော အခန်းထဲသို့အရောက်တွင် အမည်မသိ အမျိုးသမီးကငွေကျပ် ၉၇၀၀၀၀၀ ထည့်ထားသည့် အိတ်ကို ခိုးယူသွားခဲ့သဖြင့် စုံစမ်းအရေးယူ ပေးရန် ကိုဉာဏ်လင်းက တောင်ငူ မြို့မရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်အား တောင်ငူမြို့မရဲစခန်း မှ (ပ)၈၀၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် ကနဦးအမှုဖွင့်ပြီး မြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်လင်းအောင် ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များက စစ် ဆေးဆောင်ရွက်ခဲ့ရာ ငွေထုပ်အား ခိုးယူသွားသော အမည်မသိအမျိုးသမီးမှာ တောင်ငူမြို့ ၁၉ ရပ်ကွက် စတီးလမ်းနေ မပိုးပိုး ၁၇ နှစ်(ဘ)ဦးခင်မောင်ဦးနှင့် ကယ်ရီမောင်းသူ အမည်မသိ အမျိုးသားမှာ မိုးဟိန်း ၂၃ နှစ်(ဘ)စိုင်းသန်းထွဋ်၂ ရပ်ကွက် တောင်ငူမြို့နေသူ တို့ဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့နှစ်ဦးအား သက်သေများနှင့်အတူ ကနဦးဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ နှစ်ဦးအား ထပ်မံစစ်ဆေးခဲ့ရာ မပိုးပိုး ခိုးယူသွားသည့်ပိုက်ဆံအိတ် ား တောင်ငူမြို့ ၂ ရပ်ကွက်နေ ကိုထွန်း ၄၃ နှစ် (ဘ) ဦးမောင်မြင့်ထံ ပေးအပ်ခဲ့ပြီး ကိုထွန်း ဆိုသူမှ မိုးဟိန်းနှင့် တောင်ငူမြို့ ၁၀ ရပ်ကွက် နေ အောင်ကျော်မိုး ၃၃ နှစ် (ဘ) ဦးရွှေတို့ အား ခွဲဝေပေးခဲ့ခြင်းဖြစ်သည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း၊ ထို့ကြောင့် ငွေခိုးယူရာတွင် ပူးပေါင်းပါဝင်ပြီး ဖမ်းဆီးရန် ကျန်ရှိသူနှစ်ဦးဖြစ် သည့် ကိုထွန်းနှင့် အောင်ကျော်မိုးတို့ နှစ်ဦး အား ထပ်မံစုံစမ်းခဲ့ပြီး ၎င်းတို့နှစ်ဦးအား သြဂုတ် ၁၈ ရက် နံနက် ၄ နာရီကျော်ခန့်တွင် တောင်ငူမြို့ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေး ပန်းခြံကွေ့အနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း လေးဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Recent