မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအနီး လယ်ကွင်းနံဘေးတွင် မိုင်းငါးလုံး တွေ့ရှိ

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအနီး လယ်ကွင်းနံဘေးတွင် မိုင်းငါးလုံး တွေ့ရှိ
Published 8 January 2018

ဘင်္ဂါလီအကြမ်းဖက်သမားများ စွန့်ပစ်ခဲ့သည်ဟု ယူဆရသော မိုင်းများကို တွေ့ရစဉ်

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူကျေးရွာအနီး လယ်ကွင်းနံဘေးတွင် မိုင်းငါးလုံးကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တွေ့ရှိရသည့် မိုင်းများမှာ ဝိုင်ယာကြိုးပါ အလျား ၁၀ လက်မ၊ အချင်း တစ်လက်မခွဲ၊ လက်လုပ်မိုင်း သုံးလုံး၊ အလျား ၁၀ လက်မ၊ အချင်း တစ်လက်မခွဲရှိ (No.29) ပါ Remote ဆားကစ်ပြားပါတွဲလျက် လက်လုပ်မိုင်းတစ်လုံးနှင့် အလျား ရှစ်လက်မ၊ အချင်းငါးလက်မရှိ ကားပစ်စတင်ဖြင့် ပြုလုပ်ထားသော မိုင်းတစ်လုံး စုစုပေါင်း မိုင်းငါးလုံးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူကျေးရွာနေ ရွာသားတစ်ဦးဖြစ်သော ဦးစိန်ရွှေလှိုင်သည် သူ၏ယာခင်းသို့ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက သွားရောက်စဉ် ယာခင်းအနီး လယ်ကွင်းချုံပုတ်အတွင်း ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ် တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့မှ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် သွားရောက်ရှင်းလင်းစဉ် အဆိုပါမိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိရသည့် မိုင်းများသည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် အကြမ်းဖက်ဘင်္ဂါလီများ ထွက်ပြေးတိမ်းရှောင်သွားစဉ် စွန့်ပစ်ထားခဲ့သည့် မိုင်းများဖြစ်ကြောင်း သုံးသပ်ရကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီကလည်း ကျောက်ပန္ဒူစေတီရွာ ဘင်္ဂါလီရွာမှ မြေမြှုပ်ထားသော လက်လုပ်မိုင်း ၉၇ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအုပ်စု၊ စေတီကျေးရွာအနီး၌ မြေသားများဖြင့် ဖုံးအုပ်ထားသည့် အမြင့်သုံးပေခွဲခန့်၊ အနံနှစ်ပေခန့်ရှိ ဝင်ပေါက်နှင့် အတွင်းပိုင်းတွင် အလျား ၁၅ ပေ၊ အနံငါးပေ၊ အမြင့် ငါးပေခန့်ရှိ မြေကျင်းတစ်ကျင်း တွေ့ရှိခဲ့သည်။

အလားတူ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းကလည်း ကျောက်ပန္ဒူကျေးရွာအလယ်ရှိ တောင်ကုန်းငယ်၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ သစ်လုံးများမိုးထားပြီး ပျဉ်ခင်းထားသော လူလုပ်လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ကာ စစ်ဆေးချက်များအရ ယခင်က အကြမ်းဖက်သမားများ၏ ရိက္ခာနှင့် ဆေးဝါးများ သိုလှောင်ခဲ့သည့် ခြေရာလက်ရာများကို ရှာဖွေ့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာ ၅ ရက်မှာပင် သင်္ဘောကွေ့ကျေးရွာ၏ အရှေ့ဘက်တောင်ကုန်း၌ အမြင့်လေးပေ၊ အနံသုံးပေရှိပြီး ကျောက်သားအား ထွင်းထားသော လှိုက်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းလှိုဏ်ဂူသည် ယခင်က အကြမ်းဖက်သမားအင်အား ၂၀ ဦးမှ ၂၅ ဦးခန့် နေထိုင်ခဲ့ကြောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး လိုဏ်ဂူအတွင်းမှ ဆန်အိတ်ပိုင်း ငါးပိုင်း၊ ဆီပုံးခွံ တစ်ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း(ဘ)မိုဟာမတ်ကာလာမျာနှင့် ကျောက်ပန္ဒူကျေးရွာနေ အဒူဟာလိပ် (ဘ)အာဘူဟာရှိန်းတို့၏ အမည်များပါရှိသည့် ကျောင်းသားကတ်နှစ်ခု၊ ကိုရမ်ကျမ်း စာအုပ်သုံးအုပ်နှင့် ဟောင်းနွမ်းနေသည့် အင်္ကျီသုံးထည်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ သားရွှေဦး(ကစ္ဆပ)

Most Read

Most Recent