မြစ်ကြီးနား အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားပြီး အကျဉ်းသားအချို့သေဆုံးပြီး ဒဏ်ရာရရှိသူများရှိဟု သတင်းထွက်ပေါ်

မြစ်ကြီးနား အကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွားပြီး အကျဉ်းသားအချို့သေဆုံးပြီး ဒဏ်ရာရရှိသူများရှိဟု သတင်းထွက်ပေါ်
Published 19 April 2024

ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် ဧပြီ ၁၈ ရက်က ဆူပူမှုဖြစ်ပွားခဲ့ပြီး စုံစမ်းသိရှိရကာ ဖြစ်စဉ်တွင် အကျဉ်းသားအချို့သေဆုံးကာ  ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

ဧပြီ ၁၈ ရက် ညနေ ၄ နာရီခန့်မှစတင်၍ အော်ဟစ်မှုများဖြစ်ပွားခဲ့ပြီး ခဏအကြာတွင် ဆူပူမှုကျယ်လောင်လာခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့များက သေနတ်မိုးပေါ်ထောင်ဖောက်သော်လည်း ဆူညံမှုများ  ရပ်နားခြင်းမရှိကြောင်း၊ လုံခြုံရေးကားများ ရောက်ရှိလာကာ အသံမိုင်းများခွဲပြီး ပစ်ခတ်သံများ ကြားရကြောင်း ဖြစ်စဉ်အား သိရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အားလုံးတော့ နာရီဝက်လောက်ကြာမယ်။ ၄နာရီ ၅ မိနစ်လောက်မှာ စအော်တယ်။ တရားမျှတရေး ဒို့အရေးလို့ပဲ ကြားတယ်။ တအားဆူလာတော့ အပေါ်က အစောင့်တွေက မိုးပေါ်ထောင်ဖောက်တယ်။ လုံခြုံရေးကားတွေ ဝင်လာတယ်။ အသံမိုင်းတွေ ဖောက်တယ်။ ခဏကြာတော့ သေနတ်ပစ်တော့တာပဲ။ ၄ နာရီခွဲလောက်မှာ ငြိမ်သွားတယ်။ ည ၇ နာရီလောက် ထအော်ကြသေးတယ်။ ပြီးတော့ ငြိမ်သွားတယ်။  လူနာတင်ကားတွေလည်း တွေ့တယ်။ အခုတော့ ထောင်ရှေ့လမ်းတွေ ပိတ်ထားတယ်” ဟု အထက်ပါပုဂ္ဂိုလ်က  ပြောကြားသည်။

ဆူပူမှု၏ အဓိက အကြောင်းအရင်းသည် လွတ်ငြိမ်းချမ်းသာခွင့်များပေးရာတွင် တရားမျှတမှု မရှိသည့်အတွက်ကြောင့် တောင်းဆိုခြင်းဖြစ်ကြောင်း ကနဦးသိရပြီး အခြားသော တောင်းဆိုချက်များကိုမူ မသိရပေ။

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်က မြစ်ကြီးနားအကျဉ်းထောင်မှ  ၄၂ ဦး လွတ်မြောက်ခဲ့သည်။ ထောင်တွင်းဆူပူမှုအား ထိန်းသိမ်းရာတွင် မြစ်ကြီးနားမှနှစ်ဦး၊ ဗန်းမော်မှတစ်ဦးနှင့် မိုးညှင်းမှတစ်ဦး စုစုပေါင်း အကျဉ်းသားလေးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူများကို ဆေးကုသမှုပေးနေကြောင်း ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာ သတင်းထုတ်ပြန် ခြင်းမရှိသေးဘဲ အတည်ပြုထုတ်ပြန်လာပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင် မြစ်ကြီးနားအကျဉ်းထောင်တွင် မေ ၁၀ ရက်ကလည်း လွှတ်ငြိမ်းချမ်းသာခွင့် တန်းတူမရရှိဟု အကြောင်းပြကာ ဆူပူမှုများ ဖြစ်ပွားခဲ့သည်။

ယင်းအချိန်က  ရွှေဘို၊ မြစ်ကြီးနား၊ သာယာဝတီ၊ ပုသိမ်အကျဉ်းထောင်များတွင်လည်း ဆူပူမှုဖြစ်ပွားခဲ့ပြီး ရွှေဘိုအကျဉ်ထောင်တွင် လေးဦးသေဆုံးခဲ့သည်။