ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂၃ ဦး ဖမ်းဆီးခံရ
Published 5 April 2024

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၁၂၃ ဦး ဧပြီ ၄ ရက်က ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် နောင်ဘွန်ကျေးရွာရှိ စွန့်ပစ်ထားသော အိမ်တစ်လုံးတွင် တရားမဝင် မြန်မာနိုင်ငံသားများ လာရောက်နေထိုင်လျက်ရှိသည်ဟု သတင်းအရ ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးရာ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် လာရောက်နေထိုင်သူများကို သတင်းပေးတိုင်တန်းမှုကြောင့် မြန်မာအများအပြား ဖမ်းဆီးခံနေရကြောင်း ရွှေ့ပြောင်းလုပ်သားများက ပြောကြားသည်။ ယခုဖြစ်စဉ်တွင်လည်း သတင်းအရ သွားရောက်စစ်ဆေးရာ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၁၂၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးချက်အရ မြန်မာနိုင်ငံသားများမှာ လူတစ်ဦးလျှင် ထိုင်းဘတ် ၁၅၀၀၀ မှ ၃၀၀၀၀ အထိပေးရကြောင်း၊ သွားမည့်ခရီးအကွာအဝေးအပေါ် မူတည်ပြီး ပွဲစားများကို ပေးရကြောင်း၊ စွန့်ပစ်ထားသည့် အိမ်တစ်လုံးအတွင်း ခိုအောင်း၍ လာကြိုမည့်ကားသမားကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံသူအားလုံးကို ကန်ချနာဘူရီ လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်မည်ဖြစ်ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent