အမျိုးသမီးအဖွဲ့များအနေဖြင့် စစ်ပွဲများရပ်အောင် ဆောင်ရွက်မည်ဆိုပါက ဘက်တစ်ဖက်တွင် မရပ်ရန်လိုကြောင်း ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ထောက်ပြ

အမျိုးသမီးအဖွဲ့များအနေဖြင့် စစ်ပွဲများရပ်အောင် ဆောင်ရွက်မည်ဆိုပါက ဘက်တစ်ဖက်တွင် မရပ်ရန်လိုကြောင်း ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ထောက်ပြ
Published 22 April 2018

အမျိုးသမီးအဖွဲ့များအနေဖြင့် စစ်ပွဲများရပ်အောင် ဆောင်ရွက်မည်ဆိုပါက ဘက်တစ်ဖက်တွင် မရပ်ရန်လိုကြောင်း NCA ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်မိဆူးပွင့် ထောက်ပြပြောကြားသည်။

ရန်ကုန်မြို့ Orchid Hotel တွင် ဧပြီ ၂၁ ရက်က DVB သတင်းဌာနက ‘ငြိမ်းချမ်းရေးရအောင် အမျိုးသမီးတွေ ကူညီနိုင်မလား’ ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် Debate အစီအစဉ်တွင် ပါဝင်ဆွေးနွေးရာ၌ ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ကျွန်မတို့တွေက စစ်ပွဲတွေရပ်ဖို့ဆိုတဲ့နေရာမှာ ဘယ်လိုပါဝင်မလဲဆိုတာ မစဉ်းစားဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဖို့အတွက်ကို ပိုပြီးတော့ အားသန်နေတာပေါ့နော်။ ဆိုတော့ အဆင့်တစ်ဆင့် ကျော်သွားတာ။ အမှန်တော့ စစ်ပွဲတွေရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲက အားကောင်းလာမှာ။ စစ်ပွဲတွေဖြစ်နေသရွေ့ အခုလိုပဲ နိုင်ငံရေးဆွေးနွေးပွဲတွေက တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေမှာ” ဟု ရဲဘော်မိဆူးပွင့်က ပြောကြားသည်။

လက်ရှိ NCA လမ်းကြောင်းသည် ရှုပ်ထွေးမှုများလည်း ရှိနေကြောင်း၊ သို့သော် တရားဝင်လမ်းကြောင်းသည် NCA တစ်ခုတည်းသာရှိကြောင်း ၎င်းကပြောကြားသည်။

“လက်နက်ကိုင်ပဋိပက္ခက အနှစ် ၇၀ လောက်ဖြစ်သွားတော့ သိပ်ကြာရှည်သွားတော့ လွတ်လပ်တဲ့အမျိုးသမီးအဖွဲ့အစည်းဆိုတာ ကျွန်မတို့ဆီမှာမရှိတော့ဘူး။ ဘက်တွေ အကုန်လုံးဖြစ်ကုန်တယ်။ အဲဒီဘက်တွေနဲ့ စစ်ပွဲတွေကိုရပ်အောင် လုပ်လို့မရဘူး။ စစ်ပွဲကိုရပ်အောင် လုပ်တာထက်စာရင် စစ်ပွဲကိုထောက်ခံတဲ့ သဘောမျိုးတွေဖြစ်လာတယ်။ ဥပမာ ဒီဘက်ကတိုက်တာမှန်တယ်။ ငြိမ်းချမ်းရေးအတွက်။ ဟိုဘက်ကတော့ တန်းတူရေးအတွက် တိုက်တာမှန်တယ်ဆိုတဲ့ စစ်ပွဲကို ထောက်ခံတယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဒီစစ်ပွဲကို ကျွန်မတို့ရပ်လို့မရဘူး။ တကယ်ရပ်ချင်တယ်ဆိုရင် စစ်ပွဲတွေကို တကယ်ရပ်ချင်တဲ့ အတွေးအခေါ်ရှိရမယ်။ ဆိုတော့ ဒီနေရာမှာ လွတ်လပ်တဲ့အမျိုးသမီးအဖွဲ့တွေ လိုတယ်။ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အတွေးအခေါ် ရပ်တည်ချက်တူတဲ့ အမျိုးသမီးအဖွဲ့တွေရှိသလို တပ်မတော်နဲ့ အစိုးရနဲ့နီးစပ်တဲ့ အမျိုးသမီးအဖွဲ့တွေ ရှိနိုင်တယ်။ ဒီလိုအယူအဆတွေကနေပြီးတော့ ဒီအယူအဆမှန်တယ်။ ဟိုအယူအဆ မှန်တယ်ဆိုပြီး ရပ်တည်ချက်တွေကို ပြောနေသရွေ့ စစ်ပွဲတွေမရပ်ဘူး” ဟု ရဲဘော်မိဆူးပွင့်က ပြောကြားသည်။

တန်းတူရေး၊ ပြည်ထောင်စုမပြိုကွဲရေး စသည့်အကြောင်းပြချက်များသည် ကောင်းမွန်သဖြင့် ထောက်ခံသော်လည်း အဆိုပါအကြောင်းပြချက်များဖြင့် စစ်တိုက်ခြင်းကိုလက်မခံသည့် အမျိုးသမီးအဖွဲ့များ ပေါ်လာရန်လိုကြောင်း၊ လက်ရှိအမျိုးသမီး အဖွဲ့အစည်းများတွင် ဘက်တစ်ဖက်တွင်ရပ်ကာ စစ်တိုက်သည်ကို အားပေးသည်ဟု မပြောသော်လည်း ပြောဆိုတုံ့ပြန်မှုအားလုံးသည် စစ်တိုက်ခြင်းကို အားပေးသည့် အပြောအဆို၊ အပြုအမူများရှိနေကြောင်း ၎င်းကပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) ကြား ပဋိပက္ခတိုက်ပွဲ နောက်ဆက်တွဲအဖြစ် ဒေသအတွင်း ရှမ်းလူထုနှင့် တအန်းလူထုကြား အပြန်အလှန် ဈေးမဝယ်ခြင်းကဲ့သို့ ပဋိပက္ခကူးစက်လာသည့် အခြေအနေများကို ပြန်လည်ပြုပြင်ပြောင်းလဲနိုင်သည်မှာ အမျိုးသမီးများသာဖြစ်ကြောင်း ရဲဘော်မိဆူးပွင့်က ဥပမာပေးပြောကြားသည်။

အောက်ခြေတွင် ဖြစ်ပျက်နေသည့် ရှမ်းနှင့် တအန်းကဲ့သို့ ကိစ္စရပ်များကို လူမျိုးရေးအသွင် မဟုတ်ကြောင်း လူထုအား စည်းရုံးသည့်အခါ လူထုကလက်ခံသော်လည်း လက်နက်ကိုင်ထားသည့် မူဝါဒချမှတ်သူများကို စည်းရုံး၍မရကြောင်း၊ အမျိုးသမီးအဖွဲ့အစည်းများသည် အမျိုးသားများနှင့်တန်းတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော်လည်း ယခုအချိန်အထိ အသိအမှတ်ပြုမှုမရှိကြောင်း၊ ဥပမာအားဖြင့် ကချင်ပြည်နယ်သို့ ယခုချက်ချင်းသွားရောက်၍ စစ်ပွဲများရပ်ဟု မည်မျှပင်အော်သည့်တိုင် ဆုံးဖြတ်ချက်ချသည့်သူများက နားမထောင်လျှင် အလကားဖြစ်မည်ဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး လွေးပိုးညိူဝ်းက ပြောကြားသည်။

ထို့အတူ အမျိုးသမီးများသည် စစ်ပွဲကိုငြိမ်းအောင် မလုပ်နိုင်ကြောင်း၊ စစ်ပွဲ၏မကောင်းသည့်အရာများ လူများခံစားနေရသည့်အရာများကို အသံများများထုတ်ပေးခြင်းသာဖြစ်ကြောင်း၊ စစ်ပွဲကိုရပ်အောင်လုပ်နိုင်သည်မှာ တပ်မတော်သာရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ မချယ်ရီဇာဟောင်က ပြန်လည်ဆွေးနွေးသည်။

ထို့ပြင် အမျိုးသမီးများအနေဖြင့် JMC လုပ်ငန်းစဉ်အပိုင်းအား အာရုံစိုက်ရန်လိုကြောင်း၊ JMC ၌ပါဝင်သည့် အမျိုးသမီးများက ညှိနှိုင်းပြီး အမှန်အမှား ရပ်တည်ဆုံးဖြတ်ခြင်းကြောင့် နှစ်ဖက်တပ်မှူးများက လိုက်နာလာရခြင်းသည် ထင်ရှားအရေးကြီးသည့် အခြေအနေဖြစ်သဖြင့် လက်ရှိတွင် အောက်ခြေ (Local) အဆင့်များ ဖွဲ့စည်းနေပြီးဖြစ်ရာ အဆိုပါအဆင့်၌ အမျိုးသမီးများ ပါဝင်လာနိုင်ရန်အတွက် အာရုံစိုက်နည်းဗျူဟာ ချထားရန်လိုကြောင်း ရဲဘော်မိဆူးပွင့်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါဝင်ဆောင်ရွက်မည့် အမျိုးသမီးများ သွားလာရေးမှစ၍ ကိစ္စအ၀၀အား ထောက်ပံ့မှုများပြုလုပ်နိုင်ရန် အစိုးရအနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်ကြောင်း ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ပြောကြားသည်။

Most Read

Most Recent