ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ တိုင်ကြားစာပေါင်း ၁၃၀၀ ကျော် ရောက်ရှိနေကြောင်း ကော်မတီအတွင်းရေးမှူး ပြောကြား

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ တိုင်ကြားစာပေါင်း ၁၃၀၀ ကျော် ရောက်ရှိနေကြောင်း ကော်မတီအတွင်းရေးမှူး ပြောကြား
Published 27 September 2017

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ တိုင်ကြားစာပေါင်း ၁၃၀၀ ကျော်ရောက်ရှိပြီး တရားသူကြီး၊ ဥပဒေအရာရှိတို့နှင့် ပတ်သက်သည့် တိုင်စာများ ပါဝင်ကြောင်း အဆိုပါကော်မတီမှ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်တင်လင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

“တိုင်ကြားစာက ၁၃၀၀ ကျော်ရှိတယ်။ အရင်လိုပါပဲ တရားသူကြီးတို့၊ ဥပဒေအရာရှိတို့ကို တိုင်တာပေါ့ဗျာ။ ပြီးခဲ့တဲ့လတုန်းက အစီရင်ခံစာ လွှတ်တော်မှာတင်ပါတယ်။ အစီရင်ခံစာတင်တော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အစီရင်ခံစာပါ အချက်အလက်များကို ကြည့်ပြီးတော့ ကျွန်တော်တို့ကို ထပ်ပြီးတော့ အမှုတွဲတွေနဲ့တကွ တင်ပြပါဆိုတော့ တင်ပြခဲ့တယ်။ ကျွန်တော်တို့ တင်လိုက်တယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တင်မယ်လို့ ပြောခဲ့တယ်။ အဲဒီလောက်ပဲ သိရသေးတယ်” ဟု ဦးအောင်တင်လင်းက ပြောကြားသည်။

အဆိုပါကော်မတီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရားစီရင်ရေးနှင့် ဥပဒေရေးရာလုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှုရှိစေရေးအတွက် ကူညီဆောင်ရွက်ရန်၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရန်၊ ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံးအဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် စသည်တို့ကို တာဝန်ပေးကာ ဖွဲ့စည်းထားသည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ဇူလိုင် ၁၀ ရက်တွင် ပြည်သူ့လွှတ်တော်၌ အစီရင်ခံစာ တင်သွင်းခဲ့သည်။

ကော်မတီအစီရင်ခံစာတွင် ဥပဒေရေးရာ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်၏ ဆောင်ရွက်မှုများမှာ နှေးကွေးသော်လည်း ပြောင်းလဲမှုများကို တွေ့မြင်ရပြီး တရားစီရင်ရေးကဏ္ဍတွင် အချို့အဖွဲ့အစည်းများမှာ ယခင်ကထက် ပူးပေါင်းဆောင်ရွက်မှုရှိသော်လည်း အများစုမှာ ပြောင်းလဲမှုမရှိသေးသည်ကို တွေ့ရကြောင်း ထည့်သွင်းဖော်ပြထားသည်။

 

Most Read

Most Recent