<

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ ယာယီဆက်သွယ်ရေးရုံးခွဲ နေပြည်တော်တွင် ပထမဆုံး ဖွင့်လှစ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ ယာယီဆက်သွယ်ရေးရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်က ပြုလုပ်စဉ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး၏ ယာယီဆက်သွယ်ရေးရုံးခွဲအား စက်တင်ဘာ ၈ ရက်က နေပြည်တော်ရှိ Grand ACE Villa တွင် ပထမဆုံး တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပြောင်းရွှေ့ရန်အတွက် သံတမန်ဇုန်သို့ ပြောင်းရွှေ့ခြင်းမရှိမီ ရုံးဆောက်ရန်နှင့် မြေငှားရမ်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယာယီအချိန် အကန့်အသတ်ဖြင့် ခွင့်ပြုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က “ဒီမှာတော့ အမြဲတမ်း ဆက်သွယ်ရေးရုံးနဲ့ ရန်ကုန်မှာ သံရုံးနှစ်ခု တစ်ပြိုင်တည်း ဖွင့်တာမဟုတ်ပါဘူး။ နေပြည်တော်မှာ ရန်ကုန်က သံရုံးပြောင်းရွှေ့ ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်တဲ့ကာလမှာ လိုအပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အစိုးရဌာနတွေနဲ့ ထိတွေ့ညှိနှိုင်းပြီးတော့ ပိုမိုအဆင်ပြေစေဖို့အတွက် တရားဝင် ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နေပြည်တော်တွင် အခြားသက်ဆိုင်ရာသံရုံးများ ဖွင့်လှစ်သွားကြရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး တရုတ်သံရုံးမှ ပထမဆုံးဆက်သွယ်ရေးရုံး ဖွင့်လှစ်လိုက်သည့်အတွက် အခြားသံရုံးများ ဆက်လက် ဖွင့်လှစ်လာမည်ဟု မျှော်လင့်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

“ဒီမှာ သံရုံးဖွင့်ဖို့အတွက် မြေငှားရမ်းမယ်။ တည်ဆောက်မယ်ဆိုတဲ့ အစိုးရကနေ ကတိက၀တ်ပေးလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ဖွင့်ခွင့်ပေးမှာဖြစ်ပါတယ်။ သံရုံးဖွင့်မယ်ဆိုတဲ့ ကတိက၀တ်မရှိဘဲ ရုံးခွဲလေးလာဖွင့်တာမျိုးတော့ ကျွန်တော်တို့ လက်မခံပါဘူး” ဟု ဒုတိယ၀န်ကြီး ဦးကျော်တင်က ဆက်လက် ပြောကြားသည်။

နေပြည်တော်တွင် အမေရိကန်သံရုံးအား ဖွင့်လှစ်ရန်ခွင့်ပြုထားပြီး ပြောင်းလဲဖွင့်လှစ်ရန်အတွက် စတင်ပြင်ဆင်မှုများ လုပ်ဆောင်သွားမည်ဟု ကတိက၀တ်များ ပြုထားကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်တွင် ဘင်္ဂလားဒေ့ရှ်သံရုံး ဖွင့်လှစ်ရန် မြေနေရာဝယ်ယူရေး ကတိက၀တ်များရှိပြီး ဘရူနိုင်းနိုင်ငံအနေဖြင့်လည်း ညှိနှိုင်းဆွေးနွေးမှုများရှိကြောင်း သိရသည်။

September 8, 2017














Copy Protected by Chetan's WP-Copyprotect.